Friday, January 27, 2017


  သတို့သား - မောင် ရွှေတစ်ဆင်စာ

 ချစ်ရတဲ့ ''မေ '' က   ဒီနေ့သူ့အိမ်ကို ခေါ်ခဲ့ပြီး . . . . 
သူ့အမေနှင့်အဖေတို့နဲ့တွေ့ပေးပြီး သူ့ရဲ့အမေနဲ့အဖေကလဲ  ကျွန်တော်ကို တရားခံလိုစစ်ဆေးမေးမြန်း
အပြီးမှာတော့  . . . .  မေရဲ့ဖခင်ဖြစ်သူက . . ,
'' ပြောရမှာတော့  စိတ်မကောင်းဘူးကွယ် . . ဒါပေမယ့် နားလည်ပေးစေချင်တယ်  မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို  ဆင်စီးပြီး မြင်းရံတာပဲ မြင်ချင်ကြတာ မိဘတွေတိုင်းရဲ့ဆန္ဒမို့လို့  . . . ဦး ရှင်းရှင်းပဲ ပြောတော့မယ်ကွာ ''

'' ဟုတ်ကဲ့ ပြောပါ ဦးကြီး ''

'' ဦး သမီးကို  တကယ်ချစ်တယ်ဆိုရင် ``` ရွှေတစ်ဆင်စာ ´´´ နဲ့ လာတောင်းနိုင်အောင်  ကြိုးစားကွာ . . . အဲ့ဒါဆို  ဦးတို့ဘက်က  လက်ခံပေးမှာပါ ''

'' ဗျာ . . . ရွှေတစ်ဆင်စာ    , ဟုတ်ကဲ့ပါ ဦးကြီး  . . . ဒါနဲ့ ကျွန်တော်ပြန်ခွင့်ပြုပါအုန်း ''

'' အေး အေး ''

အိမ်ရှေ့မှာ  '' မေ '' ကစောင့်နေရင်း  
အိမ်ထဲက ထွက်လာသော ကျွန်တော်မြင်တော့  အခြေအနေကို မေးလေသည် ၊ 

'' ရွှေတစ်ဆင်စာ နဲ့ လာတောင်းပါတဲ့ အဲ့လိုပြောတယ် ''

'' အဲ့တော့ '' မောင် '' က  ဘယ်လိုပြန်ပြောလိုက်လဲဟင် ''

'' ဟုတ်ကဲ့ပါ ''ဆိုပြီး အခုလိုပြန်ထွက်လာတယ်လေ ''

'' ဒါဆိုမောင်က  တကယ်ရွှေတစ်ဆင်စာနဲ့လာတောင်းမှာပေါ့  ဟုတ်လား ''

'' မေရယ်  မေက မောင့်ဘဝကို ပိုအသိဆုံးပါ  မောင့်မှာ သုံးနပ်စာကို  တစ်နပ်ထဲပေါင်းစားရတာ နောက်ပြီး နွားတင်းကုပ်တဲတောင်မှ  သူများပေးနေလို့ တည်နေရာရတာ 
အဲ့တော့မေရယ်  ရွှေတစ်ဆင်စာ ဆိုတာ  ဘယ်လိုလုပ်ပြီး မောင့်မှာရှိမလဲ ''

'' အဲ့တော့  မောင့်က ''

'' မောင်ဒီည  မေကို ခိုပြေးမယ် . . . ပြီးရင်
  မောင်အရင်ကထက် အလုပ်တွေပိုကြိုးစားပြီး  မေကို တစ်ဆင်စာ ထက်ကိုပိုပြီး  
    ဆက်မြန်းပေးမယ် ဟုတ်ပြီလား ''

'' ဟင်းးး ဘယ်လိုမှမဖြစ်နိုင်ပါဘူးမောင် ''

'' ဘာလို့လဲ မေ ''

'' မေက  မိဘစကားကို ငယ်ငယ်လေးထဲက  မြေဝယ်မကျနားထောင်လာတာ  အခုမောင်နဲ့တွေ့မှ 
ချိုးဖောက်မဖျက်ချင်ဘူး  အဲ့တော့ မောင်ရာ  ရွှေတစ်ဆင်စာ သာ ရှာလာခဲ့ပြီး  ဖေဖေ မေမေတို့ဆီမှာ လာတောင်းပါနော်  မောင် ''

'' မေ ဖက်က  ဒီလိုသဘောဆန္ဒရှိလာမှတော့   ဒီမောင် . . . နာခံရမြဲပေါ့ '' 

ဒီလိုနဲ့မေကို နူတ်ဆက်ပြီး  မြို့ကိုတတ်လာခဲ့တယ် ၊ ရရာအလုပ်ကို နေ့မအိပ် ညမအိပ် ကောင်းမွန်စွာ လုပ်ကိုင်လာခဲ့လေရာ 
တစ်နေ့ တစ်နေ့ ဘယ်လိုနေထွက်ပြီး ဘယ်လိုနေပြန်ဝင်သွားဆိုတာတောင်
မသိလိုက်လေခဲ့ဘူး ၊ 

သုံးနှစ် သုံးမိုး ကြုးကြိုးစားစားလုပ်ကိုင်လာခဲ့လေရာ
နောက်ဆုံးတော့လဲ . . . ရွှေတစ်ဆင်စာက  လက်ထဲရောက်ရှိလာလို့ပေါ့ ၊ ဒီလိုနဲ့တဖန် ရွှာကိုပြန်လာခဲ့ပြီး ရောက်ရောက်ချင်းပင် . . . မေရဲ့အိမ်ကိုသွားခဲ့သည် ။

'' လာ လာ လာ ထိုင်ပါအုန်းကွ  . . . . ရော့ ရေနွေးကြမ်းလေး သောက်လိုက်ပါအုန်း . . . ဒါနဲ့  မြို့ကိုတတ်သွားတာ  အကြာကြီးပဲနော် မင်းရဲ့အလုပ်အကိုင်ရော  အဆင်ပြေရဲ့လားကွ  ''

'' ဟုတ်ကဲ့ ဒီလိုပါပဲ ဦးကြီးရယ်  လူဆိုတာ အသက်ရှိလို့ရှင်သန်နေတာလို့ ပြောတာထက်  ရည်ရွယ်နဲ့ရှင်သန်နေတာလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ် ဦးကြီး .'. .အခုလဲ ဦးကြီးတို့ ပြောတဲ့အတိုင်း  ကျွန်တော် ''  မေ ''အတွက်  '' ရွှေ တစ် ဆင် စာ '' ရရှိလာခဲ့ပြီလေ . . . အဲ့တော့ ဦးကြီးရယ်  လူကြီးဆိုတာ စကားကို
 ကွယ်ရာတမျိုး  
အရှေ့တမျိုး
 မပြောဘူးထင်ပါတယ် . . . ဟဲ ဟဲ ဟဲ ''

'' ဦး ကတိကို  '' ဦး ''တည်ပါတယ်ကွာ မင်းတို့နှစ်ယောက်ကို  ထိမ်းမြားလက်ထပ်ပေးပါ့မယ် ဒါနဲ့ ပြစမ်းပါအုန်းကွ  ရွှေတစ်ဆင်စာ ဟီး ဟီး ဟီး ''

'' ဒီမှာပါ  ဦးကြီး ''

'' အေ အေ ''

'' ဒါနဲ့ ဦးကြီး  ကျွန်တော်အသက်လေး '' မေ '' ကော  မတွေ့ပါလား ''

'' အေး  သူ့အမေနဲ့ ရွှာထဲက အထည်ဆိုင်မှာ  အထည်သွားကြည့်တယ်ကွဲ့  ခဏလေး ထိုင်စောင့်လိုက်ပါ . . . 
 ဟဲ့ မောင်ရင်  အော်  ဒီမှာ လက်ဖက်သုတ်လေး စားပါအုန်းကွ  ရေနွေးပဲ သိပ်မသောက်နဲ့လေ  ရော့ လက်ဖက်သုတ်လေး ဝါးလိုက်ပါအုန်း ''

'' ဟုတ်ကဲ့ . . . ဒါနဲ့လေ ဦးကြီး ကျွန်တော် ရိုင်းသလိုများဖြစ်သွားခဲ့ရင် ကြိုတောင်းပန်ပါရစေ  ကျွန်တော်လေ ကျွန်တော် မြို့မှာ ရွှေတွေဝယ်ရင်းနဲ့တဆက်ထဲ  မင်္ဂလာဖိတ်စာပါ  ရိုက်နှိပ်လာခဲ့တယ် ဦးကြီး  အဲ့ဒါ ဟိုလေ . . . ''

'' ဟာကွာ . . . ပိုကောင်းတာပေါ့ကွ
မင်း ငါ့သမီးကို ဘယ်လိုချစ်ပြီး 
ဘယ်လောက်တန်ဖိုးထားတယ် ဆိုတာ  ပြလိုက်တဲ့  သက်သေပဲပေါ့ကွာ
ပြစမ်းပါအုန်း  မင်္ဂလာဖိတ်စာလေး ''

'' သတို့သား မောင်ရွှေတစ်ဆင်စာ
သတို့သမီး  မေဖူးမြ  . . . . ဟေ ဟေ
ဟ . . . မြတ်မောင်  မင်းနာမည်က  မြတ်မောင် မဟုတ်ဘူးလား  ဘယ်လိုတွေဖြစ်လို့  '' မောင်ရွှေတစ်ဆင်စာ '' ဖြစ်သွားရတာတုန်း  နာမည်မှားရိုက်မိပြီနဲ့တူတယ် မင်းနဲ့နော် .'. . ''

'' မမှားပါဘူး ဦးကြီး . . . ဒီလိုပါ  ကျွန်တော်ရှင်းပြပါ့မယ် . . .
ပထမဦးကြီးတို့က  ကျွန်တော်မှာ ရွှေတစ်ဆင်စာ မရှိတဲ့အတွက်ကြောင့် လက်မခံခဲ့ဘူးမဟုတ်လား နောက် ဦးကြီးတို့သမီး  ကျွန်တော်ရဲ့အသက်လေးပေါ့ဗျာ '' မေ '' ကလဲ  ကျွန်တော်နှင့်အတူ ကြမ်းတမ်းလှတဲ့လမ်းတစ်ခုကို  မလျှောက်နိုင်ပါဘူးတဲ့ခင်ဗျာ 
ဖေဖေမေမေပြောစကားကို နားထောင်လိုက်နာသူပါဆိုပြီး  ဆင်ခြေတွေပေးပြီး ငြင်းလွှတ်ခဲ့တယ်ခင်ဗျာ . . . အခုကျတော့ ကျွန်တော်မှာ ရွှေတစ်ဆင်စာ ရှိသွားပြီလဲဆိုရော  ဦးကြီးက သဘောတူပြီမဟုတ်လား လက်ဖက်ကလေးတောင်
  သုတ်ကျွေးလိုက်သေးတယ်လေ ၊
နောက်ပြီး  ဦးကြီးက  ကျွန်တော်ကို သမက်တော်ချင်တာမှမဟုတ်တာ
  '' ရွှေတစ်ဆင်တာ '' ကို  သမက်တော်ချင်တာလေ ပြီးတော့ ကျွန်တော်အသက်ကလေးကလဲ  ကျွန်တော်ကို တကယ်ချစ်တာမှမဟုတ်တာ
 '' ရွှေတစ်ဆင်စာ '' ကို ချစ်တာလေ အဲ့တော့ဦးကြီးရယ်  သတို့သား နဲ့ သမက်က
 '' ရွှေတစ်ဆင်စာ '' ပေါ့ဗျာ အဲ့ဒါနဲ့ပဲ ကျွန်တော်လဲ
     '' သတို့သားရဲ့နာမည်နေရာမှာ 
'' မောင် ရွှေ တစ် ဆင် စာ '' ဆိုပြီး
စာရိုက်ခိုင်းလိုက်တာပါ  
မမှားပါဘူး  ဦးကြီးတို့ရယ် နော် ''

ညမင်းကြယ်တံခွန်

No comments:

Post a Comment