ချစ်ရင် ရနံ့လေးမွှေးပါတယ်
ဆေးရုံကနေ အိမ်သို့ပြောင်းရွေ့လာခဲ့တယ် ။
ဆေးကတော့ နေ့၊ည မပြတ်ခဲ့ပါ ၊
ကျွန်တော် သူမကို ပြုစုစောင့်ရှောက်ရင်းဖြင့် အားပေးကူညီနေခဲ့တယ် ။
သူမ,ဟာ အရင်တုန်းကနှင့်မတူ
ဘယ်သူနဲ့မှစကားမပြောတော့ပေ ၊
အခန်းငယ်လေးထဲမှာပဲ တစ်နေကုန်အိပ်နေလျှက် ,
ပြတင်းတံခါးကိုလဲ ပိတ်ခတ်ထားတဲ့အတွက် , သူမရဲ့အခန်းငယ်လေးထဲမှာတော့
အမှောင်ဆိုင်းငံ့နေလေတယ် ။
ကျွန်တော်အလုပ်က ပြန်လာရင်လဲ
အရင်တုန်းကလို , သူမ,ကျွန်တော်ကို
ထွက်မကြို ၊ သူမရဲ့အခန်းငယ်လေးထဲကို ကျွန်တော်ရောက်သွားခိုက်မှာလဲ ,
အရင်တုန်းကလို,သူမ,ကျွန်တော်ကို
စကားမဆိုတော့ပါ ။
ဆံပင်ရှုပ်ပွပွနှင့်ကပိုကယိုဖြစ်နေသော
သူမ,ကို ကြည့်ကာ ကျွန်တော်စိတ်ဓာတ်ကျမိ၏ ၊
သို့ဖြစ်၍ . , ကျွန်တော်သည် စိတ်ဓာတ်ကျလို့မရပါ ၊ ကျွန်တော်က သူမ,ကို အားပေးကူညီရမည့် သူဖြစ်သည် ။
'' လွေ , ဆေးသောက်ရအောင်နော် ''
ကျွန်တော်လက်ထဲမှာရှိသော ဆေးများအားလုံးကို ''လွေ''က ပုတ်ရိုက်ချလိုက်လျှက် ဆေးများအားလုံးသည် ကြမ်းပြင်ထက်သို့ ခပ်မာမာလေး ခုန်ဆင်းပြေးတော့သည် ။
'' လွေ , ''
'' လွေ,မသောက်တော့ဘူး ၊ မောင့်,ကိုလဲ 'လွေ,ထပ်မမြင်ချင်တော့ဘူး ၊
လွေ,စိတ်ဆင်းရဲလို့ပါ မောင်ရယ် ''
ကျွန်တော်,ရင်ကို မှီခိုဖက်ရင်း
လွေဟာ အားအင်မဲ့စွာ ငိုလေတော့၏ ။
'' လွေ,မငိုနဲ့တော့ ၊ ဆေးသောက်ရအောင်နော် , ''
'' မသောက်ဘူး မောင်, လွေ,ကို ထားခဲ့ပါတော့ ၊ မောင့်ကို ကြည့်ပြီး လွေ,တစ်ယောက်ထဲ ငိုခဲ့တဲ့ညတွေ
ဘယ်လောက်များလဲ မောင်,သိလား ''
'' ငိုသံက ရီသံလိုမချို မြိန်ပေမယ့် . . .
လွေ,ငိုခဲ့တဲ့ ညတွေတိုင်းမှာ,
မောင့်,လဲ ငိုခဲ့ရပါတယ်,
လွေ,ရယ် ခေါင်းမမာပါနဲ့ ၊ မောင့်,အပြင်ကနေ ပြန်လာရတာ
ပင်ပန်းနေပြီ,ထပ်ပြီးပင်ပန်းအောင်မလုပ်ပါနဲ့နော် လွေ ''
'' လွေ,ရဲ့ ကျန်းမာရေးက ကုသလို့မနိုင်တော့ဘူးမဟုတ်လား မောင်,
ဖြေလေ ''
'' ဆေးမှန်မှန်သောက်ရင် ပျောက်ပါတယ် ''
'' အဲ့ဒါဆို , ဆေးရုံကနေ
အိမ်ကိုဘာလို့ခေါ်လာတာလဲ ''
'' လွေ,ကို အချိန်တိုင်း မြင်ချင်လို့ပေါ့ ၊
ဆေးရုံမှာက မလွတ်လပ်ဘူးလေ ၊
နောက်ပြီး,လွေက ဘာမှဖြစ်တာမှမဟုတ်တာ ၊ ''
'' မောင့်,တကယ် ပြောနေတာလား ''
'' ဒါပေါ့ , လိမ်စရာလား ''
'' ဆေးက
ဘယ်အချိန်ထိသောက်ရမှာလဲ
မောင် ၊ ''
'' မောင့်,မတိုက်တော့တဲ့ နေ့ကျရင်
လွေ,သောက်စရာမလိုတော့ဘူး ''
လွေက မျက်စောင်းထိုးကာ
ကျွန်တော်လက်ထဲက ဆေးများကိုလှမ်းယူလိုက်ပြီး သောက်ချလိုက်ပါတော့သည် ။
'' မောင့်က,
နောက်ကောင်မလေးတစ်ယောက်
တွေ့နေလို့လား''
'' မတွေ့ပါဘူး , ရှာလဲမရှာပါဘူး ''
'' အဲ့ဒါဆိုစောစောက မောင့်,စကားက
မောင့်မတိုက်တော့နေ့ဆိုတာက , ''
'' လွေရယ် , အတွေးကျယ်ကျယ်တွေးပါ ''
'' မတွေးနိုင်ဘူး , ပြော ''
'' လွေ,နေကောင်းသွားရင် မောင်လဲဆေးတိုက်စရာမလိုတော့ဘူးလေ , အရင်တုန်းကအတိုင်း မောင့်,အလုပ်ပြန်လာရင် လွေ,က ထွက်ကြိုပေးပေါ့ ''
ကျွန်တော်တို့နှစ်ဦး တစ်ယောက်ကို တစ်ယောက်ထွေးဖက်ထားကြရင်း
အခန်းငယ်လေးထဲကို
လတ်ဆတ်တဲ့လေဟုန်တစင်း ချီဆိုက်မြန်းခဲ့ပါ ။
'' လွေ,ရေချိုးရအောင်,
လွေ,ကို မောင်.,ခေါင်းလျှော်ပေးမယ် ''
'' ရေမချိုးချင်ဘူး ၊''
'' လွေ,ရေမချိုးတာ ဘယ်နှစ်ရက်ရှိပြီလဲ ''
'' ခြောက်လ ''
'' မှတ်ထားတယ်ဟုတ်လား ၊ ''
'' လွေ,ကရေမချိုးပဲ
ညစ်ပတ်နေတော့ , မောင့်,က လွေနဲ့အတူတူမအိပ်ချင်တော့ဘူးပေါ့ ,
ဟုတ်လား ၊ အဲ့ဒါကြောင့်မို့ ,
အတင်းရေချိုးခိုင်းတာမလား ''
'' နောက်ထပ် ''ခြောက်လ''ထိ
ရေမချိုးပဲနေလဲ, မောင့်,ဘက်ကတော့
မွှေးနေအုန်းမှာပဲ ၊ လန်းဆန်းသွားအောင်လို့
ရေချိုးခိုင်းတာပါ ၊ လွေ,ရေမချိုးချင်ဘူးဆိုလဲ သဘောပဲလေ ''
ရေချိုးခန်းဖက်သို့ လွေ,က ဝင်သွားလေလျှက် . . .
''ခေါင်းကိုသေချာ လျှော်ပေးနော်မောင် ''
ပြုံးစစဖြင့်
ကျွန်တော်ခေါင်းညိမ့်လိုက်တော့ ,
လွေ,ကနူတ်ခမ်းစူစူဖြင့် မျက်စောင်းချိတ်နေတော့သည် ။
ပုံမှန်အရင်တုန်းကဆို . , လွေက
ရေချိုးပြီးတာနဲ့ မှန်တင်ခုံရှေ့၌ အလှပြင်ဆင်လေတတ်သည် ၊
အခုတော့,လွေဟာ . . .
ရေချိုးပြီးတာနဲ့ မှိုင်ငိုင်နေလျှက် ,
အရင်တုန်းကလို , သွက်လက်မှု့မရှိတော့ပါ ။
'' အလှမပြင်တော့ဘူးလား,လွေ .''
'' လွေ,အလှပြင်မှ မောင်,က ,
လွေ,အနားမှာ ရှိနေမှာလား ''
'' လွေ,ရယ် အရင်တုန်းအတိုင်းလေး ပြန်နေပါလား ၊ မောင့်,ရင်ထဲမှာ အလှစစ်မရှိဘူး၊ အချစ်စစ်နဲ့မေတ္တာစစ်ပဲရှိတယ် ၊
နေခင်းဖက်မှာလဲ ကောင်းကင်ရဲ့လှပမှု့ဟာ
ရှိပါတယ်. . ဒါပေမယ့်. . . ဘယ်သူမှ နေ့ခင်းဖက်ကောင်းကင်ရဲ့လှပမှု့ကို
အချိန်ကြာကြာ မကြည့်လင့်နိုင်ဘူး ၊
အလှစစ်ကိုရှာရင် နောက်ဆုံးသေခြင်းပဲရှိတယ် ၊
မောင့်က အလှရှာတဲ့သူမဟုတ်ပါဘူး၊
အချစ်ရှာတဲ့ သူလဲမဟုတ်ပါဘူး ၊
မေတ္တာရှာတဲ့ သူပါ လွေ,
အမြင်ရဲ့အချစ်မှာက အပေးအယူရှိတယ် ၊ ဒီတစ်ယောက်ထက်ကို
နောက်တစ်ယောက်က သာနေခဲ့ရင် နောက်တစ်ယောက်ကိုချစ်သွားရော၊
မေတ္တာက တစ်ယောက်ကနေ နောက်တစ်ယောက်ကို ပြောင်းရွေ့ပြီး
မရှိနိုင်ဘူး ၊
နူတ်ခမ်းနီလေးနဲ့မှ ချစ်ဖို့ကောင်းတယ်
မိတ်ကပ်လိမ်းမှ ပိုချောတယ်
သနပ်ခါးလူးမှ အပြုံးဟာအေးချမ်းတယ်
အဲ့လို စိတ်တခုရဲ့အပျော်မျက်လုံးတွေ မောင့်မှာမရှိဘူး လွေ ,
'' လွေ,ကို စိတ်ချမ်းသာအောင်လို့
ပြောနေတာတော့ မဟုတ်ပါဘူးနော် ''
'' မဟုတ်ပါဘူး လွေ ''
'' လွေ,က အခုဆို လူမမာဖြစ်နေပြီ ၊
အရင်တုန်းကလိုလဲ မလှတော့ဘူး ၊
နောက်ပြီး , တဖြည်းဖြည်းနဲ့ရုပ်အဆင်းကလဲ
ချို့ တဲ့နေပြီ, မောင့်,
လွေ,ကိုကြည့်ပြီးစိတ်မပျက်ဖူးဘူးလား ၊ မငြီးငွေ့ဖူးဘူးလား ''
'' ငရုပ်သီးကြိုက်တဲ့သူက အစပ်ကိုမကြောက်ဘူး ၊
ဆေးလိပ်သောက်သူကလဲ ချောင်းဆိုးခြင်းကို သူမငြီးငွေ့နိုင်ပါဘူး လွေရယ် ''
နှစ်ဦးသားရဲ့အကြည့်များက အသဲကြားထဲက ရင်ခုန်သံကို ဖော်ထုတ်ပြသနေတော့သည် ။
{ အနမ်းတချက်က
ဆေးတစ်ခွက်ဖြစ်မယ်ဆိုရင်
ပျောက်ကင်းဖို့အတွက်
ကိုယ့်အသက်ထာဝရ
အောင့်ထားလိုက်မယ်}
[ မနီးမဝေးကခန်းစီးလေးမှာ
မပြီးသေးတဲ့ မင်း,စက်ကွင်းက
ဘယ်ခရီးအဖော်ဖြစ်နေပြီလဲ ]
- - -
အခုတလော. . . .
လွေဟာ အရင်တုန်းအတိုင်း ပုံမှန်ပြန်ဖြစ်လာ၍ ဆေးကိုလဲအချိန်မှန်မှန်သောက်လေ့ရှိတော့သည် ။
'' ဒီဟင်းတွေ အကုန်လုံး
လွေ,ချက်ထားတာလား ''
'' မောင်ကလဲ အိမ်မှာ လွေနဲ့မောင်
နှစ်ယောက်ပဲရှိတယ်လေ ၊
လွေ,မချက်ရင် ဘယ်သူချက်မလဲ ''
'' နောက်ဆိုမချက်နဲ့ ၊
လွေ,ပင်ပန်းမှာစိုးလို့ပြောတာပါ ၊
ချက်မယ်ဆိုလဲ မောင်ပြန်လာမှ ,
အတူတူချက်ပါ,လွေ ''
'' ဟင်းချက်တာ မပင်ပန်းပါဘူး , မောင်ကလဲ ''
'' နေရာတိုင်းမှာ သူ့နေရာနှင့်သူ
ပင်ပန်းမှု့တွေရှိပါတယ် ၊
နေရာတိုင်းမှာ သူ့နေရာနှင့်သူ ကြမ်းတမ်းမှု့တွေရှိပါတယ် ၊
နေရာတိုင်းမှာ အရာအားလုံး
ချောမွေ့မှု့ကြီးပဲ မရှိခဲ့ပါဘူး လွေ ၊
မောင့်ပြောတာကိုပဲ နားထောင်ပါ ''
'' ဟုတ်,မောင် ပြောတာပဲ နားထောင်မယ် ၊ ''
အဲ့ဒီညက ညစာ စားပွဲရဲ့ရှေ့က
လွေရဲ့အပြုံးဟာ ကျွန်တော်ကို
အေးစေလား ၊ ပူစေလား
မသိခဲ့ပါ ၊
ကျွန်တော်သိလိုက်တဲ့အချိန်မှာတော့
ကာလပေါင်းများစွာ
ကျွန်တော်ရင်ခွင်ထဲမှာ မှီအိပ်နေသော
လွေရဲ့ခန္ဓာကိုယ်မှာ ကိုယ်ငွေ့ပျောက်ဆုံးသွားတော့ခဲ့တယ် ။
[ ချစ်ရင် ရနံ့လေးမွှေးပါတယ် ]
ညမင်းကြယ်တံခွန်

No comments:
Post a Comment