Friday, January 27, 2017


    နင်းရာမြေကြီး သင့်ရာလှေစီး

ကျွန်တော် ''၅''တန်းနှစ်မှာ ,
အဖေက နှလုံးရောဂါဖြင့် ဆုံးပါးသွားခဲ့တယ် ၊ ကျွန်တော်နဲ့ အမေကတော့ ငိုရမဆုံးပေါ့ ၊ 
ညက မိသားစုတွေ ထမင်းအတူတူစားပြီး ,
မနက်ရောက်တော့ , မိသားစုထဲကတစ်ယောက်က  ထမင်းဝိုင်းထဲက ထွက်ခွာရတဲ့အဖြစ်ဟာ
ဘယ်လိုအကြောင်းတရားတွေ
ကြောင့်လဲဆိုတာတော့မသိခဲ့ပါ။ 
သိပ်မကြာခင်အချိန်လေးထဲမှာပဲ 
အမေဟာ အဖေအနောက်ကို
 လိုက်သွားလေခဲ့တယ် ။
ကျွန်တော် , အမေကို ဖက်ထားရင်း
အော်ခေါ်နေမိတယ် ၊
 '' ကျွန်တော် ဘဝကို ကျွန်တော်ဘာလုပ်ရမလဲ ''လို့
အသက်မရှိတော့တဲ့ အမေကို ပြောရင်း  အော်ငိုမိတယ် ၊ ထို့အတူ ကောင်းကင်ထက်မှာလဲ လျှပ်စီးတအုပ်က ထိုးခွဲဖြာဝေနေပြီး
မိုးများ ရွာသွန်းနေလို့ ၊ 
မိုးသံတွေကြောင့် ဘေးအိမ်က လူတွေကတော့  ကျွန်တော်ရဲ့ငိုသံကို သူတို့မကြားရှာပါ ။
- - -
ခိုရာမဲ့နေသော ကျွန်တော်ကို  
အိမ်ဘေးကဦးလေးတို့မိသားစုက လက်ခံထားပေးခဲ့တယ် ၊ ဦးလေးက  ကျွန်တော်ကို,ကျောင်းပြန်နေလို့ ပြောပေမယ့် , , , ကျွန်တော်က လက်မခံခဲ့၍ , အလုပ်သာ လုပ်မည်ဟုဆိုခဲ့သောကြောင့် , 
မြို့ကလက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ အလုပ်သွင်းပေးခဲ့သည် ၊
 တစ်နှစ်တခါဆိုသလို ကျွန်တော်ဟာ
ဦးလေးဆီသို့ သွားရောက်လည်တတ်၍  ၊ နောက်ပိုင်း,ဦးလေးတို့မိသားစုလဲ
 အဆင်မပြေမှု့ဖြင့် အခြားမြို့တမြို့ကို ပြောင်းရွေ့နေထိုင်ကြောင်း , ဦးလေးဆီက ပြောကြားသံကိုနားထောင်ရင်းဖြင့် . . , ကျွန်တော်စိတ်မကောင်းဖြစ်ပေမယ့် 
, စားပွဲထိုး, လစာနဲ့ မကူညီနိုင်ခဲ့ပါ ၊ 
သို့သော်လဲ,ရတဲ့လစာကို မသုံးမပြုပဲ
ဦးလေးကိုအကုန်ပေးခဲ့တယ် ၊
[ အဘယ်ကြောင့်ဆိုလျှင် --
ကျွန်တော် ခိုရာမဲ့နေတဲ့အချိန်မှာ 
ကျွန်တော်ဆီကိုဓာတ်မီးလေးတစ်လက်ဖြင့် ရောက်လာပြီး , ဘာသွေးသားမှမတော်စပ်သော်လဲ
သူရဲ့အိမ်မှာနေစေ၍ , နောက်ဆုံး
ကျွန်တော်က အလုပ်လုပ်မယ်လို့ တဖွဖွပြောသောကြောင့်သာ 
 အလုပ်သွင်းပေးခဲ့တာ ၊ ဒုမိဘဆိုလဲ မမှားခဲ့ပါ ]
ဦးလေးရဲ့ဇနီးကတော့ မနှစ်ကပင် 
ဆုံးပါးခဲ့ကြောင်း , ဦးလေးက, လေဖြတ်နေ၍
သမီးဖြစ်သူကပဲ ကျောင်းတဖက်,အလုပ်တဖက်နှင့် ရုန်းကန်နေရကြောင်း သိရသောအခါ
ကျွန်တော် ပိုက်ဆံ,များများ လိုချင်မိတယ် ၊
ရှာချင်မိတယ် ၊
- - - -
ကျွန်တော်အသက် ( ၁၂ ) နှစ်ထဲကနေ စားပွဲထိုးလုပ်လာတာ
အခုဆို,ကျွန်တော်ရဲ့အသက်ဟာ
 (၁၈)ထဲဝင်လာခဲ့ပြီ ၊လောကအကြောင်းကိုတော့
ဘာမှနားမလည်သေးပါ
ဒါပေမယ့် . . . ဆိုင်ရှင်ကြီးရဲ့ လက်သံအကြောင်းကိုတော့ သိပါတယ် ၊ 
နေ့စဉ် နေ့တိုင်း , ကျွန်တော်တို့ဆိုင်ကို လက်ဖက်ရည်လာသောက်တတ်သော 
,စမတ်ကျကျ ၊ ရုပ်သန့်သန့် ၊ ဦးလေးကြီးတစ်ယောက်ဟာ ,
 ကျွန်တော်ဆီက ဘာလိုချင်လို့လဲမသိဘူး ၊
 ခဏ ခဏ ကြည့် ကြည့်လေတတ်တယ် ၊
ဒီနေ့,တော့  သူ,ကျွန်တော်ကို
ခေါ်လေတော့တယ် ၊
'' ဦး,ဘာမှာထားလဲ ''
'' လာ ,ထိုင်အုန်း ''
'' ဗျာ ''
'' အချိန်ရတယ်မလား , ထိုင်ပါကွာ ၊
မင်းတို့ဆိုင်က နေ့ခင်းဘက် လူရှင်းပါတယ် ၊ ''
'' ဦးက,ဘာပြောမလို့လဲ ''
'' မင်းအသက်က ''
'' ၁၈နှစ,်''
'' ဒီဆိုင်လေးထဲမှာပဲ မင်းဘဝရဲ့အချိန်တွေကို  ဒီလိုပဲနေ့စဉ်ကုန်ဆုံးတော့မှာလား ''
'' ကျွန်တော်လဲသိပါတယ် ၊ ရှာနေတုန်းမို့ပါ ''
ကျွန်တော်စကားအဆုံးမှာ ထိုဦးကြီးက တဟားဟားနှင့်အကျယ်ကြီး
အော်ရီနေပါတော့တယ် ။
'' ဦး,မင်းကို ပညာတခုသင်ပေးမယ် ,
သင,်မလား ၊ လူတိုင်းကို သင်ပေးတာမဟုတ်သလို ၊ လူတိုင်းတတ်တဲ့ ပညာလဲမဟုတ်ဘူး ''
'' ဦးက ကျွန်တော်ကိုဘယ်လိုပညာသင်ပေးမှာလဲ ''
ထိုအခါ , ဦးကြီးက ကျွန်တော်အနားကို 
တိုးကပ်လာ၍  ဘေးကိုဝေ့ဝိုက်ကြည့်လိုက်ပြီး , ကျွန်တော်ကို ဦးကြီးက ခပ်တိုးတိုးလေးဖြင့်
'' ဖောက်ထွင်းနည်းပညာ,
မသင်ချင်ဘူးလား ,ကောင်လေး ''
'' ဖောက်ထွင်းနည်းပညာ ''
ရုတ်တရက်,ကြားလိုက်ရသော စကားကြောင့်  ကျွန်တော်ဟာ အကျယ်ကြီးထအော်မိသွားတယ် ၊ ဦးကြီးကလဲ အလျှင်အမြန် ကျွန်တော်ပါးစပ်ကို ဖမ်းပိတ်ပြီး . .
'' တိုးတိုး, အေး, သင်မလား ''
'' ထောင်ကျမှာပေါ့ဗျာ ''
'' မသိအောင်ခိုးပါတယ်ဆိုမှ ဘယ်သူသိမတုန်း ၊ သိအောင်ခိုးရင်တော့လဲ ထောင်ကျမှာပေါ့ကွ ,သင်မလား , မသင်ဘူးလား , ဒါပဲပြော ''
'' ကျွန်တော်, ကျွန်တော်လေ ''
'' မင်းကို ငါအိမ်မှာလဲထားမယ်
နေတာ ၊ စားတာ ၊ ငါတာဝန်ယူတယ်
 ၊ ပြီးတော့ ဒီပညာလဲသင်ပေးမယ် ''
'' ကျွန်တော်ကို  ဦးကြီးက
 ဘာလို့အခုလိုကူညီတာလဲ ''
'' မင်းအကြောင်းတွေကိုတော့ ဦးမသိဘူး ၊ 
 ဦးက လူပျို ကြီး တကိုယ်တည်းသမား , 
ဒါပေမယ့် . . .မင်းကို စမြင်မြင်ထဲက  ဦး,သားအရင်းတစ်ယောက်လို ခံစားမိလို့ပါ ''
''  ပိုက်ဆံကော များများရမှာလား ''
'' မင်းလိုသလောက် နှိုက်သုံးယုံပဲ ''
'' အဲ့လောက် လွယ်နေသလား ဦးကြီး ''
'' ငါ,သင်တဲ့အတိုင်း  မင်းတတ်ရင် 
အဲ့လိုကို လွယ်လာလိမ့်မယ် ''
တွေဝေခြင်းမထားတော့ပဲ ကျွန်တော်ဟာအလုပ်မှထွက်ကာ
 ဦးကြီးရဲ့အိမ်၌ နေ၍ ၊
 ဦးကြီး သင်ပေးသော ပညာမျိုးစုံကို
သင်လေပါတော့သည် ၊
ထိုအကြောင်းအရာကိုတော့ ,ကျွန်တော်ရဲ့ကျေးဇူးရှင် ဦးလေးမသိခဲ့ပါ၊ ဦးလေးရဲ့သမီးကော မသိခဲ့ပါ၊ အခုဆို,ကျွန်တော်ဘဝဟာ
( နင်းရာမြေကြီး  သင့်ရာလှေစီး )ဖြစ်ကောင်းချေ၏
( ဇရပ်ပျက်ထက်ကို  လင်းတကရုပ်မဆိုးတော့ပါ )
 - - - 
တစ်နေ့ တရက်ဖြင့် နေချီညောင်းကြာလာသည်နှင့်မျှ  ကျွန်တော်ဟာ , အမှောင်ပညာမျိုးစုံကို
တတ်လေပါတော့သည် ။
ဒါပေမယ့် . . . ဦးကြီးက  ကျွန်တော်ကို မခိုင်းသေးပါ ၊ သူပြောသလို,ကျွန်တော်အပေါ်မှာရှိတဲ့ သူ့ရဲ့သံယောဇဉ်များက နွေးထွေးလှပခဲ့ပါတယ် ။
တစ်နေ့တော့ . . . ဦးကြီးကို,ရဲများဖမ်းမိ၍ , ထောင်ကျလေပါတော့သည် ။
'' ဦးကြီး , ''
ကျွန်တော်''ဦးကြီး''လို့ ခေါ်လိုက်သောအသံကြောင့် , သံဘောင်တံခါးကို ကျောခိုင်းမှီ၍နေသော 
ဦးကြီးဟာ , မျက်ဝန်းထဲမှ
မျက်ရည်ပေါင်းများစွာဖြင့် 
လှည့်ကြည့်၍ . . .
'' ကောင်လေး , ဦးကြီးကို ,လာတွေ့တာလားဟင် ''
မျက်ဝန်းထဲမှ မျက်ရည်ဥကြည်များစွာက
ဦးကြီး,ရဲ့ မျက်လုံးညာဖက်
ထောင့်မှစီးကျနေပါတော့သည်။
'' ဟုတ် , ဟုတ်ကဲ့ ဦးကြီး ,
မငိုပါနဲ့ ဦးကြီးရယ် ၊ ကျွန်တော်ငွေရှာပြီး ဦးကြီးကိုဒီအထဲကနေ ကယ်မယ် ''
'' သား , ''
ရုတ်တရက် , '' သား ''ဟူသော အသံတစ်သံသည် , ကျွန်တော်နားနှင့်ဝေးကွာလွန်းခဲ့တာ ကြာခဲ့ပြီ ။
'' ဦးကြီး,ကျွန်တော်ကို ဘယ်လိုခေါ်လိုက်တယ်
 ''သား ''ဟုတ်လား , ဦးကြီး ''
'' သား , ဦးကြီး,ပြောတာကို သေချာနားထောင် , ဦးကြီးဆီက တတ်ထားတဲ့ ၊ သင်ထားတဲ့အရာတွေနဲ့ ,
သားဘဝရဲ့ရှေ့ခရီးလမ်းကို မလျှောက်လှမ်းပါဘူးလို့ , ကတိပေးနိုင်မလား ''
'' မပေးနိုင်ဘူး ၊ ဦးကြီး . , ''
ထိုအခါ.,ဦးကြီးက ပိုဝမ်းနည်းလာပြီး
ငိုကျွေးသံများဖြင့်. . .
'' အခု ဦးကြီးရောက်နေတဲ့နေရာကို
''သား''တစ်နေ့ ရောက်မှာစိုးလို့ ပြောတာပါ ၊ 
ဘဝကို ရှင်သန်ဖို့  အေးချမ်းတဲ့ အလုပ်လုပ်နည်းတွေအများကြီး ရှိပါတယ် သားရယ် ''
'' ကျွန်တော်,ဒီအလုပ်ကိုပဲလုပ်မယ် ဦးကြီး , ''
ကျွန်တော်စကားရဲ့နောက်ဆုံးမှာ ဦးကြီးဟာ , ဘာမှဆက်မပြောတော့ပဲ
ကျွန်တော်ကို ကျောခိုင်းနေလိုက်ပါတော့သည် ။
'' ဦးကြီး,စောင့်နေပါ ၊ 
ဒီနေ့မဟုတ်ရင် မနက်ဖြန် ကျွန်တော်ငွေတွေအများကြီး ရှာလာခဲ့ပြီး ဦးကြီးကို ကယ်မယ် ၊ ဒီလောကမှာ  ငွေမကြိုက်တဲ့သူဆိုတာ မရှိပါဘူး ၊ အနည်း အများသာ လိုတာပါ ''
ကျွန်တော်,ဦးကြီးကို နူတ်ဆက်လေခဲ့ပြီး , မနက်ဖြန်,လာတွေ့မယ်ဟု ပြောခဲ့သည် ။
မနက်မိုးလင်းတဲ့အခါမှာတော့ , မနေ့ညက ဦးကြီးဟာ
ကိုယ့်လျှာ ကိုယ်ကိုက်ဖြတ်ပြီး  သတ်သေခဲ့၍ ဆုံးပြီဆိုတဲ့သတင်းကို ကြားရသောကျွန်တော်ဟာ , အလိုလိုနေရင်း အသားတွေဆတ်ဆတ်တုန်လာ၍ 
အိမ်တိုင်ကို ခေါင်းဖြင့်ဆောင့်တိုက်နေပါတော့သည် ။ကျွန်တော်ခေါင်းတခုလုံးထူပူရှိန်းတတ်လာပြီး
 ခေါင်းမှ သွေးများက
ရင်ကြားထဲထိစီးစိမ့်ဆင်းနေပါတော့တယ်။
- - -
ဦးကြီးမရှိတော့သည့် နောက်ပိုင်း
ကျွန်တော်ဟာ , ကိုယ်တိုင်ရုန်းကန်ရင်း ညရဲ့မိတ်ဆွေတစ်ဦး ဖြစ်လေခဲ့တယ် ။
ငါးမူ ၊ တစ်ကျပ် သာသာလောက်ကို တော့ခိုးဖို့စိတ်ကူးမရှိခဲ့ပါ ၊ ကြီးမားလွန်းတဲ့အရာတွေကိုသာ  ယူရန် , ကျွန်တော်တတ်ထားတဲ့ပညာက အစွမ်းပြလျှက်ရှိသည် ။
ခဏတဖြုတ်တော့ ,ကျွန်တော်ဟာကောင်းကင်ထက်က ကြယ်တပွင့်ဖြစ်ချင်ဖြစ်မယ် ၊ ကြွေရင်တော့လဲ အောက်ဆုံးကိုရောက်ရမြဲပါ ။
ကျွန်တော်ရဲ့ကျေးဇူးရှင် ဦးလေးနဲ့တော့ အဆက်အသွယ်မပြတ်ခဲ့ပါ ၊ လတိုင်းအမြဲထောက်ပံ့ပေးခဲ့တယ် ၊ 
ဒါပေမယ့် . . . လူကတော့ မရောက်ဖြစ်တာ
 အခုဆို ( သုံးနှစ် ) လောက် ရှိရောပေါ့ ။
ဒီရက်ပိုင်းအတွင်း , ကျွန်တော်အလုပ်ကလဲ အိမ်တိုင်းလိုလို နေရာစိတ်စိတ်ဖြစ်နေတဲ့အတွက် ခရီးလေးထွက်ဖို့ စိတ်ကူးမိတယ် ။
အခြားမဟုတ်ပါ , 
ကျေးဇူးရှင်ဦးလေးတို့၏ ရွာကိုသာ သွားရန်ဖြစ်သည် ။
ကျွန်တော်ကို ,လူတစ်ထောင်ကြည့်လို့ ၊ လူတစ်ယောက်ကမှ သူခိုးလို့ထင်မှာမဟုတ်ဘူး ၊
ဘာလို့ဆို . . . 
ကျွန်တော်က စမတ်ကျကျ နေတတ်၍ ၊ သေသေသပ်သပ်နေတတ်သည် ၊
ကျွန်တော်နှင့်သက်ဆိုင်တဲ့အချိန်သာ မျက်လုံးကစားတတ်၍ ၊ ပုံမှန်အချိန်ဆို တည်ငြိမ်လေသူ တစ်ဦးပီပီ ၊ နေလေ့ရှိသည် ။
( သူခိုးက ဆိုင်းဘုတ်ကြီးနဲ့မှမဟုတ်တာ )
---
ကျေးဇူးရှင်ဦးလေးအိမ်သို့ရောက်ရှိချိန်မှာတော့ , ဦးလေးဟာ ကျွန်တော်ကို ပွေ့ဖက်ရင်း , ငိုပါတော့သည် ၊ ဝမ်းသာလို့ ငိုတာပါတဲ့ ။
'' ဦးလေး ,ကျန်းမာရေးအရင်ကထက်သက်သာလား ''
'' အေး,သား ,အရင်ကထက် အများကြီးသက်သာခဲ့ပါတယ် ၊
 သားကျေးဇူးဆိုလဲမမှားဘူး ၊ သားရဲ့ကျေးဇူးကတော့ ဦးနဲ့သမီးအပေါ်မှာ အများကြီးရှိနေပါတယ် ''
'' မဟုတ်တာ ဦးလေးရယ် ၊ ''
'' ဒါနဲ့,ဦး,မေးမလို့ , မေ့မေ့နေတာ ''
'' ဘာများလဲ . . . ဦးလေး ''
'' သားအခု,ဟိုအရင်အလုပ်ပဲလုပ်နေတုန်းပဲလား ''
ဦးလေးရဲ့စကားကြောင့် ကျွန်တော်ရုတ်တရက် သွေးဆူကြွသွားတယ် ၊ 
'' ဟုတ်ကဲ့ ဦးလေး ၊ ''
'' သြော,်အေး. . သူဌေးလူယုံဆိုတာ 
အကျင့် စာရိတ္တ ကောင်းမှ ၊ 
တခါစားအလုပ်ကိုတော့  မလုပ်နဲ့ကွာ
ငတ်သေရင်သေပါစေ , 
တခါစားတော့ မလုပ်နဲ့,သားရေ ''
ဟူးး , အခုမှသက်ပြင်းအေးနိုင်တော့တယ်၊
ဟိုအရင်အလုပ်ဆိုတော့ . . . 
ဟုတ်ကဲ့လို့သာ ပြန်ဖြေလိုက်တာ ကျွန်တော်လိမ်ပြောထားတဲ့အလုပ်ကို
မမှတ်တော့ဘူး ၊
 ( ကိုယ်ဘယ်လောက်ထိ ကောင်းနိုင်မလဲမသိသေးဘူး )
ဦးလေးရဲ့သမီးကတော့ရွာထဲက
ခလေးငယ်တချို့ ကို 
 ညနေတိုင်းလိုလို  ရွာထိပ်က ကွင်းပြင်ကြီးထဲမှာ စာသင်ပြလေ့ရှိသည် ။
ရွာထိပ်ကကွင်းပြင်ဆီသို့ကျွန်တော်ရောက်ခဲ့သော် , 
သူကတော့ ခလေးတွေကို စာသင်ပြနေတော့ ,ကျွန်တော်ကိုမတွေ့ ၊ ကျွန်တော်ကလဲ မလှမ်းမကမ်းနားလေးမှာ 
 သူစာသင်ပြပြီးတဲ့အချိန်ထိ စောင့်နေလျှက် , 
နေညိုစောင်းလို့ ၊ အချိန်အိုကာမှ
စာသင်ပြမှု့က ပြီးဆုံးလေတယ် ။
ခလေးတွေက သူ့ကို နူတ်ဆက်ရင်း
ပြန်သွားတော့သည် ။
သူကတော့ , နောက်မှ ခပ်မှန်မှန်ခြေလှမ်းဖြင့်လာရာ ,
ကျွန်တော်ကိုလဲ မြင်ရော, သူရဲ့မျက်နှာပေါ်မှာ
အားရဝမ်းသာသောအရိပ်အယောင်များ ထင်ဟပ်လာလေသည် ။
'' နင်,က အခုမှပဲလာလည်တော့တယ် ၊ မြို့မှာနေပြီး မြို့သူလေးတွေကိုမခွဲမခွာနိုင်လို့ မဟုတ်လား ၊ တခါထဲ ပျောက်သွားလိုက်တာ ၊ ''
'' မဟုတ်ပါဘူး ၊ ဟိုလေ . . . အလုပ်များနေလို့ပါ ''
'' သြော် , ဟုတ်လား ၊ ငါမသိလို့ ပြောမိတာ , တောင်းပန်ပါတယ်နော် ''
'' ရပါတယ် . , နင်ကို မမြင်တွေ့တာ ကြာလို့လားမသိဘူး ,နင်အရမ်းလှလာတယ် သိလား , ငြိမ်းအိ ''
ရှက်တိုးလေး တိုးကာ ရှက်ဖြာသွေးလျှက် . . 
'' နင်နော် , ငါကို ဘာပြောမှန်းမသိဘူး ''
'' အရမ်းလှတယ် ၊ ကောင်းကင်ကြီးထက် ပိုလှတယ် ၊ လေသုရွှေမျှင်ထက် ပိုပြီး နင်,ပါးပြင်လေးက နူးညံ့တယ် ၊ ကမ္ဘာ့မြေကြီးဆွဲအားထက်  
နင်, ခြေလှမ်းတွေရဲ့ဆွဲအားက ပိုအားကြီးမားတယ် ၊ စကြာဝဠာကြီးထက်ကို ပိုပြီး ,
နင်ကိုငါ . . . . . ''
'' ရပ်တော့ ,ဆက်မပြောနဲ့တော့ ,
နင်.,ငါကို ရည်းစားစကားပြောနေတာလား , ကောင်စုတ်လေးး ''
'' အကယ်၍ . . .
ဟုတ်တယ်ဆိုရင်ရော ''
ကျွန်တော်,သူမရဲ့အနားကို ကပ်လျှက်
လူနှစ်ယောက်အသက်ရှုသံဟာ
တစ်ယောက်ထဲအသက်ရှုသံလို ထွက်ပေါ်လာခဲ့လေသည် ။
+ + + + + + + + + + + + + + + +
              +           +
ဦးလေးကလဲ , သူ့သမီးနှင့်ကျွန်တော်နှင့်ကို သဘောတူထားတဲ့အတွက် ကျွန်တော်နှင့်မငြိမ်းအိတို့ရဲ့ သံယောဇဉ်တွေဟာ ပိုပို,ပိုကာ ကြီးမားလျှက် ရှိလေတော့သည် ။
စမ်းကြားရေလေးဘေးနားမှ  ကျွန်တော်က သူမရဲ့ပေါင်ထက်မှာ ခေါင်းမှီပြီးအိပ်နေလျှက် .  , ခပ်ဖြည်းဖြည်းလေး ဝင်လာတဲ့ အသံချို အေးလေးသွဲ့သွဲ့က  နားထဲသို့ဝင်လာခဲ့သည် ။
'' မောင်, ''
ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် , သူမဟာကမ္ဘာ့မှာ အလှဆုံးဖြစ်သွားတယ် ။
'' မောင်,မြို့ကို ပြန်သွားအုန်းမှာလားဟင် ''
'' ဒီတခေါက်,မြို့က ပြန်လာရင် ,ထပ်မပြန်တော့ဘူး ၊ မငြိမ်းအနားမှာပဲ နေပြီး, သက်ဆုံးတိုင်
အဖော်အမွန်ကောင်း
တစ်ဦးအနေဖြင့် ရှိနေပါ့မယ် ''
'' မောင်,စကားကလဲ , ''
'' ဘာလို့လဲ မငြိမ်း ''
'' ငြိမ်း,စိတ်ထဲတမျိုးကြီးနေတယ် ညက အိမ်မက်လဲမကောင်းဘူး ''
'' ဘာမှမဖြစ်ပါဘူး , မငြိမ်းရယ်,
အိမ်မက်ဆိုးဆိုတာ  တခါတရံတော့
လူတိုင်း မက်ဖူးကြပါတယ် ၊ ဒါပေမယ့် အတည်ဖြစ်တာမှ မဟုတ်တာ ''
စမ်းရေစီးသံတွေဟာ  ကျွန်တော်နှစ်ဦးရဲ့အချစ်တွေကို တိုက်စားသွားမလားဆိုတာတော့ 
စမ်းရေသံကို  မေးကြည့်ရလိမ့်မယ် ။
နောက်တစ်နေ့ မနက်မှာတော့
ကျွန်တော်ဟာ  မြို့ပေါ်သို့ ပြန်တတ်ခဲ့ပြီး , ထုံးစံအတိုင်း အလုပ်လုပ်ဖို့သာ ကျန်တော့သည် ။
ဒီတခါတော့ အချိန်ယူရလိမ့်မယ် ၊
ဘာလို့ဆို . . . နောက်ဆုံးခိုးခြင်းဆိုတော့  ,
ကြီးကြီးမားမား ဖြစ်ဖို့တော့လိုပြီ,
အခုတလော ကျွန်တော်ဟာ
မနက်ဆိုလဲ အိမ်မှာမရှိသလို ၊ 
ညဆိုရင် အိမ်၌မရှိပေ ၊
ထောင့်ဖက်စွန်းမှ
အလွန်ခမ်းနားလွန်းတဲ့ အိမ်ကြီး်တအိမ်ဟာ
ညဘက်ဆိုလဲ,ခြံဝန်းထဲမှာ မီးထိန်နေလျှက်, အစောင့်များကလဲ  ခြောက်ယောက်လောက်တော့  ရှိမယ်ထင်တယ် ၊ ဝင်ရခက်တဲ့ အိမ်တအိမ်ဖြစ်သလို , ပြန်ထွက်လို့ရခဲ့ရင်လဲ အမြတ်ကြီးပြီ ၊
ဒီအိမ်ကြီးထဲကို ဝင်ဖို့တခုသော နည်းလမ်းကို စဉ်းစားရကျပ်နေလျှက်
ကျွန်တော်ဟာ , နီးစပ်ရာ ဆိုင်တဆိုင်၌ , ဘီယာဝင်သောက်နေပြီး , ဆက်စဉ်းစားနေတော့သည် ၊
ထွက်မလာ၊ အကြံကျပ်လျှက် နောက်ဆုံး,ဘီယာဆက်မသောက်တော့ပဲ 
ငွေရှင်းပြီး ဆိုင်ရှေ့သို့ ထွက်ခဲ့ရာ , ကောင်မလေးတစ်ယောက်က ''ဘီယာ''ဆိုင်ရှေ့၌  ရပ်နေလျှက် အပြင်မှာလဲ မိုးတွေရွာနေတယ် ၊
ကောင်မလေးဟာ  ဆိုင်ထဲက တစ်ဦးဦးကိုတော့  စောင့်နေဟန်တော့မဟုတ်သလို , မိုးရွာလို့ မိုးဝင်ခိုနေတာလားတော့ မသိသေးပါ၊
ကျွန်တော်က ထီးပါတဲ့သူဆိုတော့  မိုးတိတ်အောင် စောင့်ဖို့မလို ၊ နောက်ပြီး , အဲ့ဒီကောင်မလေးအကြောင်းကိုလဲ ဆက်မစဉ်းစားတော့ပဲ  ထီးဖွင့်ပြီး စိတ်ထဲသိပ်ဘဝင်မကျတာနဲ့ ထီးပြန်ပိတ်လိုက်ပြီး , ကောင်မလေးကို လှမ်းကြည့်လိုက်ရာ
သူကလဲ ကျွန်တော်ကိုကြည့်နေတော့
အကြည့်ဆုံဖြစ်ပြီး သူကတော့ ခေါင်းငုံ့သွားတယ် ၊ ကျွန်တော်က သူ့ကို ပြုံးပြလိုက်ပြီး . . . 
'' အထဲက လူတစ်ဦးဦးကို  စောင့်နေတာလား ''
သူကလဲ ကျွန်တော်ကို ပြန်ပြုံးပြရင်း
'' မဟုတ်ပါဘူး , မိုးရွာလာတာနဲ့ 
နီးရာအမိုးအောက်ကို ဝင်မိုးခိုတာပါ ၊
သေချာပြန်ကြည့်တော့မှ . . . ဘီယာဆိုင်မှန်းသိတော့တယ် ၊ မိုးကလဲ တအားရွာလာတာတော့  ဒီမှာပဲ မိုးခိုနေရတာပေါ့ ''
ကျွန်တော် သူမကို ထီးကမ်းပေးလိုက်သည် ။
'' ရပါတယ်၊ အကို,ထီးကိုယူလိုက်တော့ , အကိုမိုးစိုကုန်မှာပေါ့ ''
'' ယောက်ကျာင်္းလေးမိုးရေစိုတာနဲ့ မိန်းကလေးမိုးရေစိုတာနဲ့က  မတူဘူးလေ , ယူပါ , ကိုယ်ဘဝက အမြဲတမ်း မိုးတွေရွာသွန်းနေကျပါ  ကိုယ်ခံနိုင်ပါတယ် ''
ကျွန်တော်ထီးကို လှမ်းယူရင်း ,
'' ကျေးးဇူးပါပဲ အကို ''
ကျွန်တော်,သူကိုပြန်ပြုံးပြလိုက်ပြီး ,
ကျောခိုင်းလျှက်  ထိုနေရာကနေ ထွက်လာခဲ့သည် ၊ လမ်းတဝက်ရောက်မှ သူကိုပြန်လည်လှည့်ကြည့်လိုက်ရာ သူကတော့ မရှိတော့ချေ ။ 
ကျွန်တော်ထပ်ပြုံးမိတယ် ၊ 
ကျွန်တော်တကိုယ်လုံး မိုးရေတွေစိုနေလျှက်  အိမ်သို့ပြန်ရောက်ရောက်ချင်းမှာပင်ကျွန်တော်ဟာ  ဖျားပါတော့သည် ။
တစ်ယောက်ထဲနေတဲ့အိမ်ဆိုတော့ ဖျားလဲပဲ ပြုစုပေးမယ့်သူက မရှိပါ ။တညလုံး အဖျားဒဏ်ကို  ကျွန်တော်ဟာကြိတ်မှိတ်တောင့်ခံရင်း
မထနိုင်လဲထခဲ့ရတယ် ၊ မလုပ်နိုင်လဲ လုပ်ခဲ့ရတယ် ၊ မလျှောက်နိုင်လဲ လျှောက်ခဲ့ရတယ် ၊ မစားနိုင်ရင် စားခဲ့ရတယ် ၊ တစ်ယောက်ထဲဆိုတော့  ကိုယ်မှထမလုပ်ရင် မပြီးဘူးလေ ။
ဘေးပတ်ဝန်းကျင်ဆိုတာက ရစရာရှိမှလာမှာ
 နာရေးတောင်  ဖဲဝိုင်းရှိမှလာတတ်လေသော  ဘေးကပတ်ဝန်းကျင်ပါ ။
သုံးရက်လောက် ဒဏ်ခံခဲ့ရပြီး ,
နောက်ဆုံးတော့ . . . သက်သာပျောက်ကင်းခဲ့တယ် ။
ဒါပေမယ့်လည်း အဲ့ဒီနေ့က မိုးရွာတာကို 
ကျွန်တော် ,မိုးမင်းကြီးကိုကျေးဇူးတင်မိတယ် ၊ 
အခုဆို ,သူနှင့်ကျွန်တော်ဟာ  
ရင်းနှီးယုံသာမက ချစ်သူတွေတောင်ဖြစ်လာခဲ့ပြီ ။
သူနာမည်က  စွဲမိတဲ့
တိုက်တိုက်ဆိုင်ဆိုင် စွဲမိဟာ  ,
ကျွန်တော်ဝင်ဖို့ခက်ခဲနေသော အိမ်ကြီးက  သူ့တို့မိသားစုတွေနေထိုင်သော အိမ်ဖြစ်နေတယ် ။
ကျွန်တော် မငြိမ်းအိကိုသစ္စာမဖောက်ပါဘူး ၊ စွဲမိကိုချစ်တာကကျွန်တော်အကျိုးအတွက် ၊
မငြိမ်းအိကို ချစ်တာက  အနာဂတ်အတွက် မတူခဲ့ပါဘူး ။
ကျွန်တော်ဟာ မှတ်စုစာအုပ်၌ ရင်ဖွင့်ပြီး ချရေးနေမိတယ် ၊ 
ဒီညနေ့ ည ကိုးနာရီမှာ  ကျွန်တော်ဟာ  စွဲမိနှင့် သူ့အိမ်မှာတွေ့ကြဖို့  ချိန်းထားသည် ။
ရုတ်တရက် . . . ကျွန်တော်အိမ်သို့ စွဲမိရောက်လာပါတော့သည် ၊ မှတ်စုစာအုပ်ကို  ချက်ခြင်းအောက်က ပုံးထဲပစ်ချလိုက်ရင်းးးး . . ,
စိတ်ကိုတည်ငြိမ်မှု့ရှိအောင် စုစည်းထားလျှက် ,
'' အကို, ''
 ဘယ်လိုပြန်ထူးမှန်းတောင် မသိတော့ဘူး ၊
'' စွဲမိ, ထိုင်လေ , ဘာသောက်မလဲ ''
'' မသောက်တော့ပါဘူး , ဒီနားက အသိအမတစ်ယောက်အိမ်ကို လာရင်း , 
အကို ဆီကို  ခဏဝင်လာတာ , ''
'' အအေးသွားယူပေးမယ် , ခဏစောင့် ''
ကျွန်တော် အိမ်အနောက်သို့ဝင်ခဲ့ပြီး
ရေခဲသေတ္တာထဲကကျွဲရိုင်းအအေးတစ်ဗူး ယူထုတ်လာခဲ့ပြီး ထွက်လာချိန်တွင် စွဲမိဟာ မရှိတော့ပါ ၊ 
စိတ်မြန်တဲ့ ကောင်မလေးပဲဟုတွေးမိပြီး  
သူ့အတွက် ယူထုတ်လာတဲ့ကျွဲရိုင်းဗူးကိုဖောက်လျှက်  ကိုယ်ဖာသာကိုယ်သောက်နေမိတော့သည် ။
ည ကိုးနာရီမထိုးခင် ကျွန်တော်ဟာ
စွဲမိတို့ရဲ့အိမ်ရှေ့၌ ရောက်နေနှင့်လျှက်,
ကျွန်တော်အကြိမ်ပေါင်းများစွာ ခိုးသော်လဲ ရင်တုန်ခြင်းမရှိခဲ့ပါ ၊ ဒီတညမှာတော့ကျွန်တော်ဟာ  အလိုလိုနေရင်း  ရင်တုန်လာမိတယ် ၊
ကိုးနာရီထိုးခါနီးမှာတော့  ကျွန်တော်ဟာ စွဲမိပြောထားသည့်အတိုင်း  သူ့အိမ်နောက်ဖေးဘက်သို့ လျှောက်ခဲ့လေရာ , ညဝတ်ဂါဝန်လေးနှင့်စွဲမိ,ဟာ ရပ်စောင့်နေလျှက်, သူမဟာ  မငြိမ်းအိထက် မလှတာတောင်  ဒုတိယအလှပါပဲ ။
'' အကို,ကလဲ  နောက်ကျလိုက်တာ ''
'' ရောက်နေတာ ကြာပြီ
အဝေးကနေ စွဲမိ,ကို ကြည့်နေတာ ''
'' ဘာလို့အဝေးကနေ ရပ်ကြည့်နေတာလဲ ''
'' ယိမ်းနွဲ့နေတဲ့ စွဲမိရဲ့အလှလေးတွေကို အဝေးကနေကြည့်ရင်း  ပိုလှလို့ပါ ''
'' အခုလို အနီးကပ်ဆိုရင်ကော ''
ကျွန်တော်ဟာ  စွဲမိရဲ့နဖူးပြင်ကိုဖွဖွလေးနမ်းလိုက်ပြီး 
'' ကိုယ့်အသက်က  စွဲမိ,လက်ထဲကို ရောက်သွားပြီပေါ့''
 စွဲမိဟာ ကျွန်တော်ရင်ခွင်ထဲသို့ တိုးထွေးဖက်လျှက်
'' အကို, ''
'' ပြောလေ စွဲမိ ''
ကျွန်တော်ရင်ခွင်ထဲကနေ
တခါပြန်တွန်းထွက်လျှက် . . .
'' အကိုက,စွဲမိကို တကယ်ချစ်တာမှမဟုတ်တာ , စွဲမိသိပါတယ် ''
စွဲမိ,စကားကြောင့်ကျွန်တော် တွေဝေသွားတယ် 
၊ တဆက်တည်းမှာပဲ . . . ကျွန်တော်ဟာ သွေးပျက်မတတ်ဖြစ်ခဲ့ရသည် ။
'' ရော့ ဒီမှာ , အကို ဝင်ပြီးယူစရာမလိုတော့ဘူးပေါ့ ၊ ဒီအရာတွေကို ဝင်ယူဖို့အတွက် အကို စွဲမိ,ကို ချစ်ဟန်ဆောင်တယ်ဆိုတာ သိပါတယ် ၊ 
ယူပြီ ပြေးတော့အကို ''
နေ့လည်တုန်းက စွဲမိ,အိမ်လာလည်တဲ့အချိန်  ကျွန်တော် ပုံးထဲကို ပစ်ချလိုက်သော မှတ်စုစာအုပ်ဟာ ပုံးထဲသို့မရောက်ပဲ အပေါ်မှာပဲရှိနေတယ်ဆိုတာ မသိခဲ့ ၊
စွဲမိ,က သူ့လက်ထဲမှ မှတ်စုကိုင်ပြလျှက် . . .
'' ဒီထဲမှာအကိုရေးထားတဲ့ အကိုဘဝရဲ့ခရီးစဉ်တွေကို  စွဲမိ,အကုန်ဖတ်ပြီးသွားပြီ ၊ 
အမှန်အတိုင်းပြောရရင် . . .ဒီစာအုပ်ကို
 ရဲစခန်းကို သွားပေးလိုက်မယ်လို့ တွေးပေမယ့် , အကို ,ရင်ဆိုင်ဖြတ်ကျော်လာခဲ့ရတဲ့ ဘဝတွေကို  စွဲမိ,သနားသွားပြီး ,မေမေနဲ့ဖေဖေမသိအောင်
အခုလို ,ငွေထုတ် ,ထုတ်ပြီး  အကို,ကိုပေးဖို့ ဆုံးဖြတ်လိုက်တာပါ ''
အလိုလိုနေရင်း ကျွန်တော်ဝမ်းနည်းလာမိတယ် ၊ ကျွန်တော်,လောကကြီးကို  မတရားဘူးလို့လဲ မပြောရဲပါဘူး ၊ ကျွန်တော်ကိုက မှားခဲ့တာပါ ၊ စွဲမိ,ကလဲ သူ့လက်ထဲမှ
ကျွန်တော်ရဲ့မှတ်စုစာအုပ်လေးကို
ကိုင်လျှက် , မျက်ရည်များဖြင့်  ကျွန်တော်ကို မှတ်စုစာအုပ်လေး ပြန်ပေးပြီး, ကျောခိုင်းလိုက်ပြီး အိမ်ထဲသို့ပြန်ဝင်သွားလေခဲ့သည် ၊
ကျွန်တော်ဟာ ငွေထုတ်တထုတ်နှင့်အတူ ကျန်နေလျှက်, နောက်ဆုံး . . . အိမ်သို့ပြန်လာလေခဲ့တော့သည် ၊ 
အိမ်သို့ပြန်ရောက်ရောက်ချင်း  မနက်ဖြန်ချက်ချင်း ခရီးဆက်ဖို့ အဝတ်အစားများပြင်ဆင်နေလျှက် , 
ထိုညက ကျွန်တော်ဟာ  စွဲမိ,ရဲ့နောက်ဆုံး မျက်ဝန်းကို အာရုံမှာ မြင်ယောင်လာလျှက် . . . 
တညလုံးမအိပ်စက်နိုင်ခဲ့ပါ ၊
နောက်တစ်နေ့မနက်ရောက်တော့ ,
ကျွန်တော်ဆီသို့ , စွဲမိရဲ့အသိအမ,ရောက်လာခဲ့ပြီး ၊
စွဲမိ,အကြောင်းလာပြောပြလေခဲ့တယ် ၊
ကျွန်တော် သေချင်မိသွားတယ် ၊
စွဲမိ,ဟာ မနေ့ညက ကိုယ့်ကိုယ်ကိုအဆိပ်သောက်ပြီး သတ်သေသွားခဲ့ပြီဆိုတဲ့ သတင်းဆိုးတခုပေါ့ ၊ 
ကျွန်တော် အော်ငိုမိတယ်၊ အခုအချိန်မှာ ကျွန်တော်ဘာလုပ်ရမှန်းကိုမသိအောင် ခေါင်းတခုလုံးလဲ ထူပူလာခဲ့လေသည် ။
ထိုအခိုက် , ဖုန်မြည်သံထွက်လာလျှက်
မငြိမ်းဆီက ,
''  မငြိမ်း  ''
'' မောင်,ဘယ်အချိန်လာမှာလဲတဲ့ ဖေဖေက မေးခိုင်းလိုက်လို့ နောက်ပြီး 
မောင်,ကြိုက်တတ်တဲ့ ဟင်းတွေချက်ထားပြီး , မောင်,လာမယ့်အချိန်ထိစောင့်ပြီး ထမင်းစားအတူတူစားချင်လို့တဲ့ ဖေဖေက ''
'' မငြိမ်း ''
'' မောင်,အသံကတမျိုးကြီးဖြစ်နေတယ် ၊
 ဘာဖြစ်လို့လဲ မောင် , အလုပ်အဆင်မပြေလို့လား ၊ ''
'' ဦးလေးကို ဖုန်းလှမ်းပေးပါလား ,
မောင့်,ဦးလေးနဲ့စကားပြောချင်လို့ ''
'' အဲ့ဒါဆို ခဏကိုင်ထားနော် မောင် ''
'' ဦးလေး ''
'' အေး,သား ,ဘာများဖြစ်လို့လဲ , ဦး, စိတ်တွေ လေးနေတယ် ''
'' ကျွန်တော်နဲ့အတူထမင်းစားဖို့ စောင့်နေတယ်ဆို ''
'' ဟုတ်တယ် , သားလာမှာမလား ''
'' ဦးလေး ''
'' အေး , ဘာပြောမလို့လဲ သား ''
'' လူတစ်ယောက်က အမှားလုပ်ခဲ့မိတယ် ၊ ကြီးမားလွန်းတဲ့အမှားတခုပေါ့ ၊
လိမ်တယ် ၊ ညာတယ် ၊ ခိုးတယ်
ပြီးတော့ . . . လူတစ်ယောက်ကို သေစေခဲ့တယ် ၊ 
အပြစ်ခံယူသင့်လား  ဦးလေး ''
'' ကိုယ်ပစ်လိုက်တဲ့ အရာတခုဟာ
တစ်နေ့မှာ ကိုယ်လျှောက်လှမ်းရမယ့် တံတားတခုပဲ ၊ ကိုယ်က ဓားပစ်လိုက်ရင်တော့  တစ်နေ့ ကိုယ်လျှောက်လှမ်းရမယ့် အရာက
ဓားတခုပေါ်ပဲ , သား ''
'' ဟုတ်ကဲ့ , ကျွန်တော်နားလည်သွားပါပြီ , 
မငြိမ်းကို စကားပြောမလို့ ရမလား ဦးလေး ''
'' မောင်,မငြိမ်းလေ မောင့်ကို စမ်းကြားရေဘေးနားမှာ  မောင်,လာခေါ်တဲ့အထိ စောင့်နေမယ်နော်  
ဒါပဲနော် မောင် ''
'' မငြိမ်း ''
ဖုန်းချ သွားပြီ , မငြိမ်းတော့ ကျွန်တော်ကို စမ်းကြားရေနဘေးမှာ စောင့်မျှော်နေတော့မယ် ၊
ကျွန်တော်အိမ်ဘေးနားက လူတစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး
'' ကိုစိုး,ရဲစခန်းကို သွားပြီး , ဒီမှတ်စုစာအုပ်လေး သွားပေး,ပေးပါလား ''
'' ထူးခြားမှု့ရှိလို့လား ''
'' သူတို့တွေ ဒီမှတ်စုကို အစအဆုံးဖတ်ပြီးသွားရင်တော့  ထူးခြားလာမှာပါ ''
ကျွန်တော်ဟာ အိမ်ကြမ်းထက်မှာ အိပ်ချလိုက်လျှက်  စီးကရက်လေးတလိပ်ထုတ်သောက်နေရင်းဖြင့်
 သီချင်းညည်းနေတော့သည် ။
မကြာခင်မှာပဲ , သီချင်းညည်းသံရပ်သွားပြီး , ကျွန်တော်သောက်နေသော စီးကရက်သည် မီးကုန်ငြိမ်းခဲ့၍  ပြာမှုန်ဖြစ်လေတော့သတည်း ။

                                [ ပြီး ]
ညမင်းကြယ်တံခွန်

No comments:

Post a Comment