လက်ပစ်ကူးပြီးငိုကာရှိုက်
အချိန်ရာသီတံတိုင်းတွေကို တခုပြီးတခု ကျော်ဖြတ်ခဲ့ရသော သားအမိနှစ်ယောက်အတွက် ခက်ခဲပင်ပန်းနေမှာ အမှန်ပင် ၊
မနက်မိုးသောက် နေခြည်အလင်းရောင်တွေ ရောက်သော်ငြားလဲ ထိုသားအမိနှစ်ယောက်အတွက်တော့ ထင်းမီးတွေအဟုန်ဟုန်နဲ့အကြော်တွေ ထိုင်ကာကြော်လို့ ၊ ထိုနေခြည်အလင်းရောင်က သူ့တိုအတွက် မထူးခြားခဲ့ပါဘူး ၊
'' သားရေ , ပြန်အိပ်လေ ၊ ကြည့်စမ်း မေမေကို ထင်းတွေဝိုင်းကူကောက်ပေးနေပါလား ၊ လိမ္မာလိုက်တဲ့ မေမေ့သားလေး လာစမ်းပါအုန်း , မွှေးမွှေးပေးချင်လို့ ''
အပူလောကရဲ့အပူတောမှာ ထိုသားအမိနှစ်ယောက်ကတော့ မပါဝင်ခဲ့ဘူး ၊ မီးဟုန်ဟုန်ရှေ့မှာ အကြော်ထိုင်ကာ ကြော်နေပေမယ့် သားရဲ့မျက်နှာတချက်ပြုံး , မေမေ့ရင်မှာဘယ်ခါမမော , ဆိုသလို မမောခဲ့သော မိခင်တစ်ယောက်ရဲ့မေတ္တာတွေပါ ၊
သားလုပ်တဲ့သူက ပြန်ဝင်အိပ်ခဲ့တယ် ၊ မိခင်ဖြစ်သူကတော့ အကြော်တွေကို ဗန်းပေါ်မှာစီကာစီကာနဲ့ သားကို , နမ်းပြီး
ရွာထဲသို့ အကြော်လိုက်ရောင်းတော့လေ၏ ၊
သူတို့တွေရဲ့တစ်နေ့တာမှာ မနက်စာမမှန်ပေမယ့်လဲ မိုးရာသီမှာတော့ မိုးရွာတာမှန်ခဲ့တယ် ၊ သြော် , ဒါကသဘာဝပဲ ဖန်ဆင်းရှင်မှမဟုတ်တာ ၊
အိပ်ရာကတဖန် ပြန်နိုးလာသော သားလုပ်သူဟာ , ထမင်းမှန်ဖို့အတွက် '' ထင်း '' စီကာကောက်လို့ မိခင်ဖြစ်သူ အကြော်တွေကြော်ဖို့ရာအတွက် ထင်းတို ၊ ထင်းချောင်းလေးများကို နူးညံ့တဲ့ '' ငါးနှစ်သား ''ကလေးငယ်လေးရဲ့ လက်နှစ်ဖက်နှင့် လိုက်လံရှာဖွေ ကောက်ယူသိမ်းဆည်းပေးလို့နေတယ် ၊
ထိုနောက် - မိခင်ဖြစ်သူ ချန်ထားပေးခဲ့တဲ့ အကြော်တခြမ်းနဲ့ဆန်ကြမ်းထမင်းဝါတပဲ့ ကို '' ငါးနှစ်သား '' ကလေးရဲ့ အစာအိမ်က လက်မခံချင်ပေမယ့် ကျင့်သားရနေခဲ့ပါပြီ ၊
ရီဝေကာပြာတာတာ တောင်ရပ်သို့လွင့်ကာ ရောင်ငယ်တွေတဖြည်းဖြည်းပျယ်သွားတော့ . , ညသဏ္ဍာန်ရုပ်အဆင်း တစစနဲ့ထွက်ပေါ်လို့လာခဲ့ပြီ ၊ မိခင်ဖြစ်သူရဲ့ ရင်ကျပ်သံတွေ ဟိန်းပြည့်နေတဲ့ ထိုတဲငယ်လေးထဲရဲ့ ရင်ထဲမှာ '' ဝါးခြမ်းအဆွေးနဲ့ခင်းထားတဲ့ အခင်းတခု ၊ အမိုးအကာက ဒိုးယိုပေါက်ပြဲလို့ ပြန်ဖာကာအစုတ်တွေနဲ့ဆင်ထားတဲ့ အမိုးအကာအပြင် နှစ်လိုဖွယ်ကောင်းတဲ့ မြင်ကွင်းဆိုလို့ ထိုသားအမိနှစ်ယောက်ရဲ့မေတ္တာချစ်ခြင်း ၊ ကြင်နာယုယခြင်းတွေပဲ ရှိတယ် ၊
ရင်ကျပ်သံရဲ့နောက်ကွယ်၌ ချောင်ငယ်ထဲမှာ မျက်ရည်များနဲ့ဆုတောင်းကာ ပြန်ကောင်းပါစေမေမေရယ်ဟု '' သားလုပ်သူတစ်ယောက် ကြိတ်ငိုရင်း ဆုတောင်းနေလေ၏ ၊
'' သား , ဘာလို့ချောင်ငယ်ထဲမှာ သွားနေ,နေတာလဲ ၊ မေမေ , ဘာမှဖြစ်ပါဘူး . . , ကိစ္စတခုခုဖြစ်တိုင်း ချောင်ငယ်ထဲမှာပဲ သား, သွားနေမယ်ဆိုရင် သား ,အတွက် ရှေ့ဆက်ဖို့နာရီတွေကျော်လွန်ပြီး ပျောက်ဆုံးကုန်လိမ့်မယ် ၊ မေမေစကားနားထောင် သရဖူဆောင်းပြီး ဘယ်သူမှမွေးဖွားလာတာမရှိပါဘူး သားရယ် ''
ထိုအခါမှသာ ချောင်ငယ်ထဲက သားလုပ်သူ ပြေးထွက်လာခဲ့ပြီး မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ပြီး ရင်ထဲကနေ လှိုက်မောလာသော ဝမ်းနည်းဆွေးမှု့နှင့်အတူ မျက်ရည်ပေါက်ပေါက်ကျဆင်းလာခဲ့သည် ၊ မိခင်ဖြစ်သူကလဲ ငိုနေသည့်သားကို ချော့ကာချော့ကာနဲ့မျက်ရည်များစွာ ပြည့်ဖြိုးလာခဲ့တယ် ၊
'' မေမေ , သားကိုခွဲမသွားနဲ့နော် ၊ မေမေ , ရင်ကျပ်တဲ့အခါ ဆေးသောက်ပါ ၊ သား,အတွက် ထမင်းတနပ်မရှိလဲ '' သား '' နေတတ်ပါတယ် ၊ မေမေ , ရှိရင်လေ . . . သား , မိုးယိုဒဏ်ကိုလဲ ခံနိုင်ပါတယ် မေမေ ၊ ထင်းချောင်းလိုက်လံကောက်တိုင်း ဆူးရှထိတဲ့ ဒဏ်ရာတွေကိုလဲ '' သား '' ခံနိုင်ပါတယ် ၊ မေမေရယ် , ရင်ကျပ်တဲ့အခါတိုင်း ဆေးသောက်ပါ ၊ သား ' မေမေနဲ့ဝေးမှာစိုးလို့ပါ မေမေ ''
တသိမ့်သိမ့် တနုတရွနဲ့မျက်ရည်များစွာဖြင့် စကားလုံးပေါင်းများစွာကို ငိုကာပြောနေတဲ့ ''သား''ရဲ့စကားသံကို မိခင်ဖြစ်သူတစ်ယောက်အနေနဲ့ ပိုစိတ်မကောင်းဖြစ်ပြီး ပိုမိုကာ တင်းကျပ်စွာနဲ့ဖက်ထားကြပြီး နှလုံးသား နှစ်ခုရဲ့ မျက်ရည်စီးသံတွေဟာ ပေါင်းစုံလို့ ညရဲ့လမင်းကို ချော့သိပ်ခဲ့လေပြီ ၊
'' ငါးနှစ်သား ''ကလေးငယ်ဆိုပေမယ့် တခြားကလေးငယ်တို့နှင့်အတူ ဆော့ကစားခြင်းမရှိပဲ ၊ မိခင်အနားမှာသာ နေ၍ မိခင်ရဲ့လိုအပ်မှု့တွေကို ဝိုင်းကူပေးတဲ့ '' ငါးနှစ်သား '' ကလေးငယ်တစ်ဦးပါ ၊
ရွာထဲသို့ မိခင်ဖြစ်သူက အကြော်တွေလိုက်ရောင်းတဲ့အခိုက်မှာ အိမ်မှာနေကျန်ရစ်ခဲ့သော '' ငါးနှစ်သား '' ကလေးငယ်ဟာ မိခင်အကြော်တွေကြော်ဖို့ရာ မနက်အတွက်ကို ထင်းချောင်းပိုင်းများကို လိုက်လံကောက်ကာ စုပုံလို့ သိမ်းဆည်းထားတတ်တယ် ၊
နေမင်းမှာသာ နှလုံးသားရှိခဲ့ရင် ဒီလိုဘဝထဲကဒီလိုကလေးမျိုးတွေကို နေအပူရှိန်တွေ လျှော့ပေးသင့်တယ် ၊ ဒါပေမယ့် စိတ်မကောင်းစရာက နေမင်းမှာ နှလုံးသားမရှိဘူး ၊ လမင်းဟာလဲ အေးမြမှု့မပေးဘူး ၊ သူတို့တွေအတွက် သူတို့ခြေလှမ်းက အောင်မြင်ခြင်းသမိုင်းနဲ့မှတ်ကျောက်တွေပါပဲ ၊
နေပူတွေရဲရဲတောက်နေခိုက်မှာ '' ငါးနှစ်သား ''
ကလေးငယ် ရွှေဝမ်းပူစွာနဲ့ ထင်းခြောက်တိုလေးတွေကို
ဖိနပ်မပါ ခြေဖဝါးအရာလေးများစွာဖြင့်
'' ဝါးခြမ်းပြားလေး ''တွေကိုလိုက်လံစုစည်းပြီး နဖူးတပြင်လုံးက ချွေးစက်ကလေးများစွာ ပြည့်နှက်ကာနေတော့သည် ၊
မိခင်ဖြစ်သူက မခိုင်းခဲ့ပေမယ့် အလိုက်သိပြီးနားလည်မှု့ရှိတဲ့ ဒီ''ငါးနှစ်သား '' ကလေးမျိုးလို ဘယ်လူကြီးကမှ အလိုက်သိတဲ့နားလည်မှု့တွေမရှိဘူး ၊
give and take , အားလုံးက အပြန်အလှန် , အပေးအယူတွေနဲ့ ပေးပြီးပြန်ယူကြမှာပဲ ၊
တံတားတစ်ခုကို မဖြတ်လျှောက်ရသေးခင်မှာတော့ ဒီတံတားကိုခိုင်မှခိုင်ရဲ့လားဆိုတာ စဉ်းစားတတ်ကြတယ် ၊ ဒါပေမယ့် ဖြတ်လျှောက်လှမ်းလို့လွန်ခဲ့ပြီဆိုရင်
ဒီတံတား ပြိုချင်ပြို ၊ ပျက်ချင်ပျက် ၊ သူတို့ခေါင်းထဲမရှိတော့ဘူး ၊
ဒါဟာ လူ့သဘာဝပါပဲ ၊
မောနွမ်းမှု့နှင့်အတူ အကြော်ဗန်းကိုင်လာသော မိခင်ကို ထွက်ကြိုစောင့်နေသော် သားကိုမြင်တော့ ချက်ချင်းဆိုသလို ရွှင်လန်းလာသော မိခင်တစ်ယောက်ရဲ့မေတ္တာတွေထဲမှာ ၊ သားတစ်ယောက်ရဲ့အကြင်နာတွေ
ဝေဖြာလို့နေတယ် ၊
ဆန်ကြမ်းထမင်းဝါကို ငါးပိရည်ကျဲကျဲဆမ်းရင်း စိုပြေလို့နေကြသော ထိုသားအမိနှစ်ယောက်အတွက်တော့ ဒုက္ခဆိုတာ အိမ်ဦးခန်းပေါ်မှာ လဲလျောင်းကာနေလေ၏ ၊
ညချမ်းအချိန်၌ သားလုပ်သူက မိခင်ကို နှိပ်ပေးနေရင်း အမှောင်စိုက်နေတဲ့ သူတို့သားအမိအတွက် ကြယ်တာရာတွေ အလင်းမခတ်နိုင်ခဲ့ဘူး ၊
'' သား , ရပြီ သား , မေမေ,သားလေးကထင်းတွေလဲ ဝိုင်းကောက်ပေးတယ် ၊ ပြီးတော့ မေမေအပြန်ကို ထွက်ကြိုစောင့်နှင့်ပေးတယ် ၊ အခု မေမေကိုလဲ နှိပ်ပေးသေးတယ် ၊ သားက အရွယ်နဲ့မလိုက်အောင်ပင် မေမေကိုဝိုင်းကူညီပေးနိုက်ခဲ့တယ်နော်သား , ''
ပြောရင်း ပြောရင်းကနေ မိခင်ဖြစ်သူမျက်ရည်ကျကာ သားရဲ့အရှေ့မှာတင် ငိုချနေမိ၏ ၊
'' မေမေ , မငိုပါနဲ့ ၊ မေမေငိုတော့ သားလဲငိုချင်လာပြီ ၊ သား , မေမေကိုချစ်တယ် . , မေမေပင်ပန်းလို့ ချွေးတွေအများကြီး ထွက်နေရင် သားဝတ်ထားတဲ့
အင်္ကျီအစုတ်ချွတ်ပြီး မေမေရဲ့ချွေးစက်တွေကို ' သား ' သုတ်ပေးမယ် ၊ ပြီးတော့ မေမေအခုလိုမျက်ရည်ကျပြီးထပ်မငိုပါနဲ့နော်မေမေ , သားလဲငိုချင်လာလို့ပါ ၊ ''
'' အင်းပါ , မေမေမငိုတော့ပါဘူး ၊ သားလဲတိတ်တော့ ၊ မေမေ,သားကို ပုံပြောပြမယ်နော် ''
'' ဟုတ်ကဲ့ , မေမေ ''
'' နားထောင်နော် , သား
'' ရှေ့တုန်းအခါက ခရီးသွားတသိုက်တချို့ တွေဟာ အင်မတန်မှ နက်နဲလှသော တော ၊ တောင်တွေဆီ အပန်းဖြေဖို့သွားကြရင်း တစ်နေ့မှာတော့ မိသားတစုဟာ ထိုတောကြီးရဲ့သာယာမှု့နဲ့အတူ ရစ်မူးကာနေကြရင်း အပြန်လမ်းကို မမှတ်မိကာ ၊ ထင်မိတဲ့လမ်းအတိုင်း သူတို့တွေခရီးဆက်သွားကြတယ် ၊ သူတို့သွားတဲ့လမ်းဟာလဲ အပြန်လမ်းတခုပါပဲ ဘာလို့ဆိုတော့ တောကောင်တွေရဲ့အစာအိမ်ဝမ်း
ဖြစ်လာရတော့မှာမို့လို့ပါ ၊ တောကောင်တွေလိုက်လို့ သူတို့တွေရဲ့ဘဝတွေဟာ အသက်လုပြေးနေနိုင်မှသာလျှင် လွတ်မြောက်ရတယ် ၊ ဒီလိုနဲ့အိုမင်းမစွမ်းဖြစ်တဲ့ အမိနှင့်အဖတို့ဟာ ငယ်နုပျိုတဲ့ သူတို့ရဲ့''သား ''လောက် အမောမခံနိုင်ခဲ့ဘူး ၊ ဆက်မပြေးနိုင်တော့ဘူး ၊ ဒါနဲ့ သားလုပ်သူက သူ့အမေနဲ့အဖေကို ချွန်မြထက်တဲ့ ဓားကို တစ်ယောက်တစ်ချောင်းစီပေးခဲ့ပြီး ထိုတောအုပ်ရဲ့ လှူံ ခြုံတဲ့ တစ်နေရာမှာ သူ့ရဲ့မိအိုဖအိုကို ထားခဲ့တယ် ၊
'' မေမေ , ဘာလို့ အဲ့ပုံပြင်ထဲကဦးဦးက သူ့မေမေနဲ့ဖေဖေကို ထားခဲ့တာလဲဟင် ''
'' မေမေ , ပုံပြောနေတယ် သား ၊ နားထောင်မှပေါ့ , ဘာလို့ထားခဲ့လဲဆိုတော့ သားရယ် ၊ အမေနဲ့အဖေက အိုတော့ သိပ်မပြေးနိုင်တော့လို့လေ ''
'' သားကတော့ , မေမေကို ချီပြီးပြေးမှာ , မထားခဲ့ဘူး ''
'' သားရယ် , '' ဆိုပြီး ထိုညက ပုံပြင်ကမ္ဘာအကြာင်းကို မိခင်ဖြစ်သူက ပြောပြရင်း သားလုပ်သူမျက်လုံးမှေးကာမှေးကာနဲ့
အိပ်ပျော်သွားခဲ့တယ် ၊
တစ်နေ့မှာ - - - - - -;-
မိခင်ဖြစ်သူဟာ နေမကောင်းဖြစ်ရင်း ရင်ကျပ်ရောဂါ ပြင်းထန်လာခဲ့တယ် ၊ အကြော်ထွက်မရောင်းရတော့ ရွှေဝမ်းဗလာနှင့်ကလေးငယ်ဟာ မိခင်ရဲ့အနားမှာ ခွေခွေလေးတိုးဝင်အိပ်နေခဲ့တယ် ၊ မိခင်ဖြစ်သူရဲ့ ရင်ကျပ်သံတွေကို ထိုကလေးငယ် နားထောင်နေရင်း အားငယ်စွာနဲ့ကြိတ်လို့ငိုကာ နားထောင်နေရ၏ ၊ မိခင်ဖြစ်သူရဲ့အခြေအနေက ပိုပိုဆိုးလာကာ ပြင်းထန်လာခဲ့သည် ၊
'' မေမေ ,သက်သာရဲ့လားမေမေ ၊ မေမေ ,သားကို ခွဲမသွားနဲ့နော် ၊ သား,မေမေကိုချစ်တယ် , ''
ပါးစပ်ကလဲတဖွဖွပြောရင်း မိခင်ရဲ့ရင်ခွင်လေးမှာ ငိုနေရင်း ခဏအိပ်ပျော်သွားခဲ့တယ် ၊
မိခင်ဖြစ်သူကလဲ ပြင်းထန်လွန်းလှတဲ့ ဝေဒနာဒုက္ခတွေခံစားနေရင်ပင် အိပ်ပျော်သွားခဲ့တယ် ၊
နေခြည်တွေမြူးလွှားကာ ဆော့ကစားချိန်၌ မနေ့မနက်ထဲက မိခင်ရင်ခွင်မှာ အိပ်ပျော်နေသော '' ငါးနှစ်သား '' ကလေးငယ်ဟာ သူ့ရဲ့မိခင်ရင်ခွင်ကနေ ထွက်လို့လာခဲ့ပြီး ထင်းခြောက်တိုလေးတွေကို လိုက်လံကောက်နေပါ၏ ၊ အမေဖြစ်သူ အကြော်တွေ ကြော်တဲ့အခါ မှာ အဆင်သင့်ဖြစ်အောင် ထိုထင်းခြောက်လေးတွေကို မီးဖိုနဘေးမှာစီကာစီကာနဲ့ချထားပေးခဲ့သည် ၊
ဒီနေ့တော့ မိခင်ဖြစ်သူ အကြော်တွေမကြော်နိုင်ခဲ့ပါ ၊ ဒါပေမယ့် သားလုပ်သူကတော့ ထင်းခြောက်တိုလေးတွေ ကောက်နေတုန်းပါပဲ ၊
''ငါးနှစ်သား '' ကလေးငယ်သာ သူ့မိခင် တသက်လုံးအကြော်တွေမကြော်နိုင်တော့မှန်း သူသိခဲ့ရင် ဒီထင်းခြောက်အတိုအစတွေကို '' ဒီငါးနှစ်သား '' ကလေးလေး လိုက်လံရှာဖွေ ကောက်ပေးအုန်းမည်လား ။ ။ ။ ။ ။ ။
ညမင်းကြယ်တံခွန်

No comments:
Post a Comment