Friday, January 27, 2017


          ကိုယ့်'' အုတ်ဂူ ''


ညလောကတခွင်မှာ  ကြယ်တာရာတွေ
အိပ်စက်နေကြတယ် ၊ လမင်းကတော့ တိမ်ညိုတွေရဲ့ရင်ခွင်ထဲကနေ  ရုန်းထွက်လို့မရခဲ့ချေ  ၊ ညောင်မုတ်ဆိတ်ကတော့  မတ်တည်နေပေမယ့်  သူ့မှာက အနှောင်အဖွဲ့တွေ အပြိုင်းပြိုင်းနဲ့ သူလဲပဲ  ဆွေးသံလွင့်နေခဲ့တယ် ၊

မြေပြင်ကတော့  ကျေနပ်နေခဲ့တယ် ၊
ဘာလို့ဆို . . . သူ့အထက်က  လူတိုင်း , လူတိုင်းက  တစ်နေ့ သူ့ရင်ခွင်ဆီ  ခိုဝင်ရလို့ပဲ ၊ 

ထိုအချိန်မှာ . . . ,
အဘိုးအိုရဲ့ ဆေးတံ,ကုန်သွားလို့ သူ့ကိုနောက်ထပ်  ဆေးတံအသစ်တခုပေးပါလို့ ၊ လိုက်တောင်းနေတယ် ၊ ထိုနောက် အဘိုးအို , ကျွန်တော်ဆီရောက်လာခဲ့တယ် ၊ ပြီးတော့ အကူညီတောင်းတယ် ၊

'' အဘိုးကို  ဆေးတံအသစ်တခု လိုက်ရှာပေးပါလား , မြေးရယ် ''

''' အဘိုး ., ကျွန်တော်မရှာပေးချင်လို့မဟုတ်ပါဘူး ၊ ကျွန်တော်ရှာပေးချင်ပါတယ် ၊ ဆေးတံအသစ်ကလွဲရင်ပေါ့ , 
အဘိုး , ကျွန်တော်မှာလဲ  ဆေးတံတခုရှိတယ် . . .  ကျွန်တော်ရဲ့ဆေးတံက  ကျွန်တော်ကို သာယာမှု့နဲ့မျောလွင့်မှု့ကို ပေးစွမ်းနိုင်တယ် ... ဒါပေမယ့်  မီးခိုးတွေထွက်လာမှ သာယာလှတဲ့ ဆေးတံလေးပါ ၊ အဘိုး , လူ့ဘဝဟာလဲ  ဆေးတံပါပဲ ၊ ပေးဆပ်နိုင်မှသာလျှင် 
သာယာမှု့ကိုရရှိခဲ့တာ ၊ ထိုပေးဆပ်မှု့တွေထဲမှာ  ကျွန်တော်ရဲ့နုပျို မှု့တွေ  သန်းပေါင်းကုဋေ ပါဝင်ခဲ့ပါတယ် ၊ ပြီးရင် ထိုအရာတွေအားလုံး ပြီးဆုံးသွားခဲ့ပြီး , အသစ်ပြန်ဖြစ်မယ် ,
ဆေးတံဟာ  သောက်လို့မကောင်းပါဘူး , အဘိုးရယ် '''

စကားအဆုံးမှာ အဘိုးအိုဟာ ခေါင်းညိမ့်ပြပြီး  '' အုတ်ဂူ ''ထဲသို့ ဝင်သွားခဲ့တယ်  ၊ 

ထိုအချိန်မှာ  တစ်နေရာရဲ့အုတ်ဂူတစ်ခုမှ သက်လျာရဲ့အသံ  ညင်သာစွာနဲ့ထွက်လာခဲ့တယ် ၊ 

ထာဝရအိပ်နေရတာ မညောင်းဘူးလား သက်လျာ ၊ ကိုယ်တို့  အေးမြပြီး  ကြည်လင်လှတဲ့  ခုနှစ်စင်ကြယ် ရှိတဲ့အရပ်ကို သွားကြမယ် ၊ 

သက်လျာရဲ့မျက်နှာက  ပန်းနုရောင်ချယ်ပြီးပွင့်တဲ့ ပန်းလေးသဖွယ် လန်းဆန်းကာ  နူးညံ့လှပြီး နုလှနေခဲ့တယ် ၊

ကျွန်တော်လက်ကိုဆုပ်ကိုင်ရင်း  သက်လျာ ,
သူ့ရဲ့အုတ်ဂူထဲကထွက်လာခဲ့တယ်
ရင်ခွင်ကို တင်းကျပ်စွာ ဖက်ထားရင်း
သက်လျာ ,  ကျွန်တော်ကို လွှမ်းခြုံထားခဲ့တယ် ၊ စစ်မှန်တဲ့မေတ္တာနဲ့ပေါ့ ၊ ချိုမြလွန်းတဲ့ အကြင်နာအနမ်းနုပွင့်တွေ ပေးခဲ့တယ် ၊ 

သက်လျာနဲ့ကျွန်တော်  ခုနှစ်စင်ကြယ်ရှိရာသို့  လျှောက်လှမ်းကြရင်း သက်လျာက , ကျွန်တော်ကိုမေးတယ် ,

'' သူ့ဆီကိုလာတာ  သူ့လှမ်းခေါ်လို့
လာတာလား ၊ ဒါမှမဟုတ် . . . . သူ့ခေါ်သံကြားလို့လား '' 

''ကိုယ် , သက်လျာဆီလာခဲ့တာ , သက်လျာကို  သတိရလို့မဟုတ်ပါဘူး ၊ ကိုယ့်ရဲ့အချစ်တွေကို  သတိရလို့လာခဲ့တာပါ ၊ နောက်ပြီး ကိုယ် , ဘယ်သူကိုမှ မချစ်ပါဘူး တကယ်ပါ ဘယ်သူကိုမှမချစ်တာပါ ၊ ဒါပေမယ့် ကိုယ့်ရင်ထဲက အချစ်တွေကိုတော့  ကိုယ်ပြန်ပြီး ချစ်တတ်တယ် ၊ သက်လျာရဲ့အသဲနှလုံးထဲမှာ  ကိုယ့်အချစ်တွေရှိတယ် ၊ ကိုယ်ချစ်တယ် ၊ ကိုယ့်အချစ်တွေကိုပေါ့ ၊ 

သက်လျာက တခါထပ်မေးတယ် ၊
'' သူ့ကိုချစ်ရလို့  သေမယ်ဆိုရင်ကော
သူ့ကိုချစ်ရဲ့ပါ့မလားး ''

'' တမလွန်ရဲ့တဖက်မှာ  နောင်ဘဝဆိုတာရှိတယ် ၊ ကိုယ့်အချစ်တွေရဲ့မနက်ဖြန်မှာ  နေမင်းရှိတယ် ၊ တစ်နေရာရဲ့တစ်နေရာမှာ  တစ်ခုခုရှိမြဲပါ ၊ ဒါပေမယ့်  ကိုယ်, သက်လျာကို ချစ်တဲ့အချစ်တွေထဲမှာ သေဆုံးခြင်းတွေကို မထည့်ပါဘူး ၊'' 

သက်လျာကပြုံးပြီး  ကျွန်တော်ပခုံးထက်သို့  ခေါင်းလေးမှီကာ  ခုနှစ်စင်ကြယ်ရဲ့လှပနေပုံကို ကြည့်ကာနေလေ၏ ၊

ခုနှစ်ကြယ်ကို ငေးမျှော်ရင်း ကျွန်တော်ပါးပြင်ထက်သို့  ကြယ်မှုန်ဖျော့ဖျော့ကျဆင်းခနေတယ် ၊ ကျွန်တော်ရဲ့ပါးပြင်ထက်သို့  ကျဆင်းလာသော  ကြယ်မှုန်ဖျော့ဖျော့များစွာကို  အသဲနှလုံးသဏ္ဍာန် ထုထစ်ခဲ့ပြီး သက်လျာရဲ့ရင်ခွင်ထဲသို့ ထည့်ပေးလိုက်တယ် ၊ 

စွန့်ခွာရင်းနဲ့ပေးဆပ်ခြင်းဆိုတဲ့ သဘာဝတွေကို  ကိုယ်တစ်ယောက်ထဲ လွန်ဆန်လို့အားမမျှခဲ့ဘူး ၊ သက်လျာ မင်းလဲ တစ်နေရာရဲ့တစ်နေရာမှာ သဏ္ဍာန်တခုအဖြစ်  တဖန်ပြန်ရပ်တည်နေမှာပဲ ၊ လာလမ်းမတူ ၊ ပြန်လမ်းကွဲပြားခဲ့သော်လဲ ၊ ကိုယ်တို့နှစ်ယောက်ရဲ့ တူညီမျှတဲ့  နှလုံးသားထဲက မေတ္တာများစွာ  ပွင့်ဖူးခဲ့ကြတယ် , 
 ရှိခဲ့တယ် ., ဒီမြေပြင်ထက်မှာပေါ့  ကိုယ်, မင်းနဲ့အတူ  လျှောက်လှမ်းတဲ့  လမ်းလေးတွေ  ၊ 
 ရှိနေတယ် , ဒီမြေပေါ်မှာ  လူးလဲစွာနဲ့ကိုယ်ကျခဲ့တဲ့ မျက်ရည် တွေ, မြေပြင်ပေါ်မှာ  အခုထိတည်နေတုန်းပါပဲ  ၊ 

သက်လျာရဲ့မျက်ဝန်းဟာ  တဖြည်းဖြည်းမှေးကာမှေးလာရင်းနဲ့ ကျွန်တော်ရင်ခွင်ထဲမှာ  ပျော်ရွှင်စွာနဲ့အိပ်စက်သွားလေပြီ ၊ ခုနှစ်စင်ကြယ်ရဲ့အောက်မှာ  ကျွန်တော်ရဲ့သက်လျာက  ကျွန်တော်ရဲ့ရင်ခွင်ထဲမှာ  ခေါင်းလေးတိုးဝင်ကာ  အိပ်စက်သွားတယ် ၊ 
သက်လျာအတွက်အလှပဆုံးက  ခုနှစ်စင်ကြယ်မဟုတ်ခဲ့ပဲ ကျွန်တော်ရဲ့ရင်ခွင်ဖြစ်ခဲ့တယ် ၊ ကျွန်တော်သက်လျာကို  ပွေ့ချီပြီးသူမရဲ့အိပ်စက်ရာ နေရာဆီသို့  ကျွန်တော်ရဲ့ခြေလှမ်းများစွာက  ပို့ဆောင်နေလေပြီ ၊

ခုနှစ်စင်ကြယ်များကို  ကျွန်တော်နူတ်ဆက်ခဲ့ရပြီ ၊ သူတိုတွေလဲ ဝမ်းနည်းကြေကွဲမှု့တွေနဲ့ကျွန်တော်ကို ပြန်၍နူတ်ဆက်ခဲ့ကြတယ် ၊ 

သက်လျာကိုပွေ့ချီရင်း   လမ်းတဝက်ရောက်တော့ , သက်လျာရဲ့မျက်ဝန်းထံမှမျက်ရည်များစွာ ကျဆင်းလာခဲ့တယ် ၊ သက်လျာရဲ့
မျက်ရည်များက
ကျွန်တော်ရင်ကို စိုစွတ်ကာ အေးမြမှု့တော့  မဖြစ်ခဲ့ချေ ၊ 

တဖန် , 
တိမ်ညိုတွေရဲ့သိုဝှက်မှု့ကနေ  ရုန်းထွက်လွတ်မြောက်လာခဲ့တဲ့  လမင်း ,  ကောင်းကင်ဗဟို တည့်တည့်မှာ ဝါဝါဖျော့စွာနဲ့ငေးရှု့ကာ   ငုံ့ကြည့်နေ၏  ၊ ကျွန်တော်တို့အဖြစ်ကိုပေါ့ ၊

သက်လျာရဲ့ဘေးနားမှာ  ကိုယ်နေခဲ့ပြီးပြီ ၊ အားငယ်တဲ့အချိန်တိုင်း  ကြယ်တွေကိုခူးဆွတ်ပေးပြီးပြီ ၊
အတူတူအိပ်စက်ဖို့တော့ မဖြစ်နိုင်ခဲ့ပေမယ့်  နောင်တချိန်ပြန်တွေ့တဲ့အခါကျရင်  ကိုယ်အရင် သက်လျာကိုနမ်းမယ် ၊ ကိုယ်အရင် သက်လျာကိုကြည့်မယ် ၊ ကိုယ်အရင် သက်လျာအတွက် ချစ်ခဲ့မယ်  ၊ ကိုယ်တို့အိပ်ချိန်တွေမတူသေးလို့ အခုတော့ သက်လျာ အရင်အိပ်နှင့်အုန်း ၊

ပြန်ဖို့ခြေလှမ်း နောက်တဖက်လှမ်းရင်း  သက်လျာနဲ့တဖြည်းဖြည်းပိုပိုဝေးသွားခဲ့တယ် ၊ ထိုအချိန်၌ . . . အဘိုအိုက '' အုတ်ဂူ ''ထဲက  ထွက်လာခဲ့ပြီး . . ,

'' တကယ်တော့ ဆေးတံ , ဟာ ဆေးတံ,ပါပဲ မြေးရယ် . . , ဒါပေမယ့်  စွဲလန်းမှု့ကတော့  ဆေးတံ, မဟုတ်ခဲ့ပါဘူး ကိုယ့်တိုင်သာ ''

ဆေးတံတိုသောက်နေသော  အဘိုးအိုရဲ့ထံမှ  ဆေးတံတိုကို
ကျွန်တော်တဖွာရှို က်ကာ မှုတ်ထုတ်လိုက်ပြီး . . . ,

'' ဘယ်ခရီးမဆိုကျွမ်းကျင်သူအတွက် လမ်းညွှန်မရှိခဲ့လဲ အဆင်ပြေပါတယ် ''

 ညမင်းကြယ်တံခွန်

No comments:

Post a Comment