Thursday, March 9, 2017

             လွယ်ပါသည် ချစ်လိုက်မည်

အိမ်ရှေ့ရဲ့ထိုင်ခုံလေးမှာ မှီထိုင်နေရင်းဖြင့် ကျွန်တော်ရဲ့စိတ်ကူးလေးတွေက  လမင်းရဲ့ဘေးနားက  ကြယ်လေးတစ်ပွင့်ဖြစ်ဖို့ စိတ်ကူးယဉ်နေမိသည် ၊ ထိုအချိန်ခါပဲ မရွှေချောလေးက ကျွန်တော်ရဲ့အိမ်ရှေ့ကနေ ဖြတ်၍ ဈေးသို့အသွားး ,  ရုတ်တရက် ကျွန်တော်လှမ်းတွေ့၍ . . . ခပ်သုတ်သုတ်လေးဖြင့် သူအနားသို့ လှမ်းကာ. . . လူပျို တရားဟောတော့မည် ။
'' မမရွှေ , ဘယ်တုန်း,''
'' ဈေးသွားမလို့လေ မောင်လေး ''
'' သြော် , ကျွန်တော်ပါ လိုက်ခဲ့မယ်လေ ''
'' လိုက်လေ,မင်း ခြေထောက်နဲ့မင်း လိုက်တာပဲ,
, မမက မင်းကိုချီခေါ်သွားရတာမှမဟုတ်တာ ,လိုက်ချင်လိုက်ခဲ့ပေါ့ ''
'' ချီခေါ်ရကော မခေါ်ချင်ဘူးလားး မမ''
'' တော်စမ်းပါ , မောင်လေးရယ် , မမဈေးနောက်ကျလိမ့်မယ် , ''
'' သွားလေ,ကျွန်တော် မမအနောက်ကနေ လိုက်ခဲ့မယ် ''
'' ဟဲ့ , အနောက်ကနေလိုက်ပြီး
ဘာလိုက်လုပ်မလို့လဲ ,''
'' အနောက်ကနေ ကြည့်မလို့ ''
''  ဘာပြောတယ် ''
'' ဟိုလေ , မမက ရှေ့ကနေသွားလို့ ခလုတ်ပြီး ချော်လဲလို့ အနောက်လှန်ကျရင်  ဖမ်းထားပေးမလို့ , အဲ့ဒါကို ပြောတာပါ ''
'' မင်း,အိမ်မှာ ဘာမှလုပ်စရာမရှိဘူးလားး ''
'' မရှိဘူးလေ ၊ အိမ်ထဲမှာတော့ အမေနဲ့အဖေ လုပ်နေကြတယ် ''
'' အမ်, ဘာ ဘာ ''
'' အလုပ်လုပ်နေကြတယ်လို့ ပြောတာလေ ''
'' ကဲ ကဲ , လိုက်ချင်လိုက်ခဲ့ ဒါပေမယ့် စကားတစ်ခွန်းမှမပြောနဲ့ , ပြောမယ်ဆို မလိုက်နဲ့ ,  ''
သေစမ်းကွာ , ဘာမှမပြောရမဆိုရပဲ မမရွှေရဲ့အနောက်ကလိုက်ရတော့မယ်၊ ဈေးရောက်တော့ ဟိုကိုပတ်လိုက် ဒီကိုပတ်လိုက်နဲ့ ဈေးကလဲပြန်ရော , အဲ့မှာ စတွေ့တော့တာပဲ ၊ ဘယ်လောက်ဖိုးတောင် ဝယ်ထားလဲဆို  လူဟာဆို ခါးကျိုးမတတ် ထမ်းရတာ ၊ အမလေး  အမလေး  မှားပါတယ် ၊ ခြေညောင်းလို့မှ အားမရ  ခုတော့ ခါးပါကျိုးရမပေါ့ ၊ ဖွန်တန်ခိုးဆိုတော့လဲ  မနိုင်လဲ နိုင်အောင် ထမ်းရတော့တာပဲ ၊
'' အားးးး , ဆူးတယ် မမရွှေ , အားး , ထိသွားပြီ , အားး ဆူးပြန်ပြီ ''
'' ဆူးမှာပေါ့မောင်လေးရယ် , မောင်လေးထမ်းထားတဲ့ အထုတ်ထဲကဟာတွေက  ဒူးရင်းသီးတွေလေ,အိမ်ရောက်ရင် မောင်လေးတစ်လုံးယူသွားအုန်းနော် , အမောပြေလေးပေါ့ မောင်လေးရယ် ''
'' အိုး မိုင် ဝေါ့ ,အားးးးး , ဟာာ ဟာာ
ရက်စက်လိုက်တာ မမရွှေရယ်, ထမ်းခိုင်းစရာရှားလို့  ဒူးရင်းသီးအထုတ်ကိုမှ ထမ်းခိုင်းရသလား , ဒါကြောင့်မို့ ဆူးပါတယ်လို့ , လက်စသတ်တော့ ဒူးရင်းသီးကြီးကိုးး ''
'' မောင်လေး ဘာမှအားမငယ်နဲ့ မမတို့ အိမ်ရောက်ခါနီးပြီ , အားတင်းထားး မောင်လေး ''
'' တင်းထားတယ် မမရွှေ စိတ်ချ ၊  မ လေး , ဟောဟဲ , ဟော  ဟဲ , ''
လူပဲ ဇွဲရှိဖို့ပဲလိုတာပါ ၊ နောက်ဆုံးတော့ မမရွှေရဲ့အိမ်ကို ရောက်ပြီပေါ့ ။
'' မောင်လေး , အထုတ်ကို  ဟိုနားလေးမှာ ချလိုက် , ပြီးရင် ရော့,အမောပြေ သောက်လိုက်အုန်း ''
'' ဟူးးး  ဖူးးး , အာာ ပူလိုက်တာ မမရွှေရယ် , နေပူထဲမှာ မောမောပန်းပန်း ဒူးရင်းသီးအထုတ်ထမ်းလာရတဲ့သူကိုမှ  ရေနွေးပူပူ တိုက်ရသလားး , မ အေး , သေပါပြီ ''
'' ဟယ် , မောင်လေး မသေနဲ့အုန်းလေ ''
ကျွန်တော်သတိပါလစ်မျောသွားရတယ် ၊ သတိတွေ ဘယ်လိုမှ ပြန်မလည်တော့တဲ့အဆုံး နောက်ဆုံးမှာတော့  အဖေကိုယ်တိုင်ကျွန်တော်ကို  ထမ်းပိုးကာ  အိမ်သို့ခေါ်လာခဲ့ရသည်။
ညနေစောင်းရောက်တော့မှ  ဖွန်မှိုင်းမိထားသောသတိတွေက ပြန်လည်နိုးသက်လာခဲ့လေတော့သည် ၊ သြော် မမရွှေ , မမရွှေ , ။
နောက်တစ်နေ့နံနက်မှာတော့ ကျွန်တော်လမ်းထွက်လျှောက်ရင်း  မမကြွယ်တို့ အိမ်ရှေ့အရောက်မှာတော့  စာကလေးတွေကို ဆန်စေ့ပစ်ကျဲကျွေးနေသော် မမကြွယ်ကို မြင်တွေ့လေတော့  ရင်ထဲမှာ တဆတ်ဆတ်နဲ့ ရင်ခုန်လာပါတော့သည် ၊ ထုံးစံအတိုင်း လူပျို တရားဟောလိုက်အုန်းမည် ။
'' မမကြွယ်,စာကလေးတွေကို အစာကျွေးနေတာမြင်ရတာ  မောင်လေးရင်ထဲ သာယာသောနေ့တစ်နေ့ပါပဲဗျာ ''
'' အံ့မယ် , ပြောတတ်နေလိုက်တာ , ဒါနဲ့ ခဏ နေအုန်း , မမကြွယ် မင်းကိုမေးစရာရှိလို့ ''
အဟီး ဧကန်မလွဲ ငါထင်သလို ဖြစ်ပါစေ ။
'' မေးလေ , မမကြွယ် ''
'' မင်းက  ဘာနေ့သားလဲ ''
'' သြော် , သောကြာသားပါ , ဘာဖြစ်လို့လဲ  မမကြွယ် ''
'' တကယ် သောကြာသားလား ၊ အဲ့ဒါဆိုရင်တော့ မမကြွယ်အတွက် မင်္ဂလာတစ်ပါးပဲ ''
ငါထင်သလို ဖြစ်ပြီကွ ။
'' ဘယ်လို မင်္ဂလာတစ်ပါးလဲ မမကြွယ် ၊ သိပ်နားမရှင်းလို့ပါ ''
'' သြော်,အခု မမကြွယ် စာကလေးတွေကို အစာကျွေးနေတာက ကျွေးချင်လို့ကျွေးတာမဟုတ်ဘူး  ဗေဒင်ဆရာက ပြောထားလေ ,တပတ်တိတိ စာကလေးတွေကို မနက်တိုင်း အစာကျွေးရမယ် , ဒါက ဘဝအေးချမ်းဖို့အတွက်ပေါ့  ပြီးတော့ မမကြွယ်ရဲ့ဘေးအန္တရာယ်တွေ ကင်းဝေးအောင်ဆိုပြီး  သောကြာသားရဲ့ အကူအညီကိုယူရမယ်တဲ့ , အဲ့တော့ မောင်လေး မမကြွယ်ကို ကူညီပေးနိုင်မလားဟင် ''
'' ပြောပါ မမကြွယ် , ဘာမဆိုကူညီဖို့ အသင့်ပါပဲ ၊ ''
'' အားတော့နာတယ် မောင်လေးရယ် ''
'' မမကြွယ်ရယ်  မောင်လေးနဲ့မမကြွယ်တို့ကြားမှာ အားနာစရာမရှိပါဘူး ပြောပါ , တကယ်အစွမ်းကုန် ကူညီပေးပါ့မယ် ''
'' အဲ့ဒါဆို မမကြွယ် ,အားမနာတော့ဘူး,ဗေဒင်ဆရာခိုင်းထားတဲ့အတိုင်း ပြောပြီနော် ''
'' ပြောပါ , ဗေဒင်ဆရာက , သောကြာသားကို ဘာလုပ်ခိုင်းလဲ ပြော ''
'' မမကြွယ်ရဲ့အန္တရာယ်ရန်ဆွယ်တွေ ကင်းဝေအောင်ဆိုပြီး , ဗေဒင်ဆရာပြောတာကတော့  သောကြာသားကို ခွေးရူးအစာကျွေးခိုင်းရမယ်တဲ့ ''
ငါထင်သလို သေပြီကွ ။
'' အဲ့ဒါကတော့လေ ဘယ်လိုပြောရပါ့မလဲပေါ့နော် , သောကြာသားလားစနေသားလားဆိုတာ ကိုယ့်ကိုယ်ကို ခုထိအတိကျ သိသေးဝူးး ၊ အိမ်ပြန်ပြီး အမေနဲ့အဖေကို ပြန်မေးကြည့်အုန်းမယ်နော် ,အကယ်၍. . . သောကြာသားဆိုရင်တော့ ပြန်လာကူညီမယ်နော် မမကြွယ် ''
'' အဟင့် ဟင့် , ဒါ မမကြွယ်ကို မကူညီချင်တဲ့သဘောများလား ၊ ပြောတော့ဖြင့်  ဘာမဆိုကူညီပေးပါ့မယ်ဆိုပြီး , မမကြွယ်ကို တကယ်လဲမကူညီဘူး , ငိုချင်လာပြီ ''
'' မငိုပါနဲ့ မမကြွယ် ၊ ကူ ကူညီပေးပါ့မယ် ၊ ''
'' တကယ်လား မောင်လေး ''
'' တကယ်ပါ , ဒါပေမယ့် ခွေးရူးကို ဘယ်လိုရှာပြီး အစာကျွေးရမလဲ ''
'' လွယ်ပါတယ် ဦးစီလွန် အိမ်အောက်မှာ သံကြိုးနဲ့ချည်ထားတဲ့ ခွေးရူးကြီးရှိတယ် ၊ မမကြွယ် အစာထုတ်ပေးလိုက်မယ်  ချပြီးကျွေးလိုက်ရုံပဲ ''
'' ကောင်းပါပြီ, ကူညီပေးပါ့မယ် ''
ဗေဒင်ဆရာကိုတော့ မဆီမဆိုင် ကျွန်တော် တော်တော်မုန်းသွားသည် ၊ မမကြွယ်ပေးသော ခွေးစာထုတ်ကို ယူကာ  ဦးစီလွန်အိမ်သို့ သွားခဲ့သည် ။
'' ဦးစီလွန်ရေ , ဦးရေ , ဥ ''
'' ဘယ်သူများမှတ်တယ် ၊ မင်းကိုး , လက်ထဲမှာလဲ အထုတ်တစ်ထုတ်နဲ့ပါလား ''
'' ဦးလေးတို့ရဲ့ အိမ်အောက်မှာချည်ထားတဲ့ ခွေးရူးကို လာပြီး အစာလာကျွေးတာ ''
'' ဟေ , ဘာပြောတယ် , ခွေးရူးကိုများ အစာလာကျွေးရတယ်လို့ , ရှိတော့ဝူး,ငါရိုက်သတ်လိုက်ပြီး မြေမြုပ်လိုက်ပြီ ၊ ပထမတော့ ပြန်ကောင်းလာမလားလို့ ထားတာ ၊ တဖြည်းဖြည်း အခြေအနေဆိုးလာလို့ ရိုက်သတ်ပလိုက်တာ ''
'' ဟာဗျာ , ဒုက္ခပါပဲ , အဲ့ဒါဆို ကျွန်တော်က ခွေးရူးကို ဘယ်မှာသွားရှာပြီး အစာလိုက်ကျွေး ရမှန်းမသိဘူး ၊ ''
'' နေစမ်းပါအုန်း , ခွေးရူးကိုမှ ဘာလို့သဲသဲမဲလိုက်ရှာ အစာကျွေးရတာတုန်း ၊ ခွေးအကောင်းတွေကို ကျွေးတော့  နင့်ဖင် ပျားတုတ်မှာမို့လို့လားး ''
'' ဦးမသိပါဘူးဗျာ , ကျွန်တော်ပဲ သိတယ် , သွားပြီဗျာ ., ဘာမှန်းကိုမသိဘူး လူပုံစံကိုက ''
ကျွန်တော်လဲဆောင့်အောင့်အောင့်နှင့် ဦးစီလွန်အိမ်မှ ထွက်လာ၍  တစ်လမ်းဝင် တစ်လမ်းထွက်ကာ ခွေးရူးလိုက်ရှာတော့သတည်း ၊ လူတွေစုဝေးနေသော နေရာသို့ အရောက်၌ … ……
'' အကို , ဒီနားမှာ ခွေးရူးလေးများ တွေ့မိသလားဟင် ''
ကျွန်တော်ကို အရက်သမားတစ်ယောက်က ပြူးကြောင်ကြောင်ဖြင့် ကြည့်ပြီး . . .
'' အေး,ရှိတော့ မင်းက ဘာလုပ်မလို့လဲကွ ''
'' ဒီလိုပါ , ခွေးရူးကိုအစာကျွေးမလို့ပါ , ဖင်ခေါင်းကျယ်တဲ့ ဗေဒင်ဆရာက ခွေးရူးကိုအစာကျွေးရင် အန္တရာယ်ကင်းမယ်ဆိုလို့ပါ ''
ထိုအခါ အမူးသမားက အကြီးအကျယ်အော်ဟစ်ရီကာ . . .
'' ခွေးရူးရေ  , မင်းတော့ ကံကောင်းပြီဟေ့ ''
'' ဒီမယ်ခင်ဗျာ, ဒီကအကိုက ခွေးရူးနဲ့ခင်လို့လားး ''
'' ခင်ရုံတင်မဟုတ် ၊ သောက်ဖော်သော်ဖက်ကွ ၊ မင်း ခွေးရူးကို လိုက်ရှာနေတာမလား ''
'' ဟုတ်တယ်လေ ''
'' အဲ့ဒါဆို ဒီတည့်တည့်သွား , ထောင့်စွန်းနားမှာ ခွေးရူးအိမ်ရှိတယ် ''
'' ဗျာာ , ခွေးရူးက လူလိုအိမ်ဆောက်ပြီး နေတဲ့ ခွေးရူးလား , တခုခုတော့  တည့်နေပြီနော် ''
'' မတည့်ဘူး ., မင်း သွားလိုက် ၊ မင်း တွေ့ချင်တဲ့ ခွေးရူးကို တွေ့လိမ့်မယ် ''
ကျွန်တော်လဲ အမူးသမားပြောသလို သွားလိုက်ရာ . . . . အိမ်ရှေ့၌  အော့အန်နေသော လူတစ်ယောက်သာတွေ့ပါ၏ ။
'' အကိုရေ  ခွေးရူးရှိတဲ့အိမ်က ဒီအိမ်လားဟင် ''
'' အေး , ဘာကိစ္စလဲကွာ ''
'' ဘယ်မှာလဲ ခွေးရူးက , ''
အော့အန်နေတဲ့သူက ဆက်ပြီးအော့အန်မနေတော့ပဲ . . . ကျွန်တော်မျက်နှာအရှေ့တည့်တည့်မှရပ်၍ . . . .
'' မင်း တွေ့ချင်တဲ့ ခွေးရူးက ငါပဲကွ ၊ ငါပဲ ၊ ဘာကိစ္စလဲ ပြော , ငါက စိတ်တိုတတ်တယ် ပြီးတော့ လက်သီးပြင်းတယ်နော် , လာမရစ်နဲ့ ''
'' ဟင်,ခွေးမှတ်လို့ လူစင်စစ်ကနေ ခွေးရူးလို့ နာမည်ပြောင်းတဲ့ လူလဲရှိသေး ''
'' ဘာကွ , မင်း ပြန်ပြောစမ်း ''
'' သြော်,ဘာပြောဝူး,အကို့ကို ဘာလို့ခွေးရူးလို့  ခေါ်တာလဲယင် ''
'' ငါက ဆိုးတယ် ၊ မိုက်တယ် ၊ မူးရင် ရမ်းတယ် ''
'' ဘာနဲ့ရမ်းတာလဲရင် ''
'' ရှိတဲ့ဟာနဲ့ ရမ်းတာကွာ ၊ မင်းက ဘာလို့ လာမေးနေရတာလဲ ''
'' ခွေးရူးကို အစာကျွေးရမယ်လို့ , ဗေဒင်ဆရာက ပြောထားလို့ . . .အဲ့ဒါ အခု ခွေးရူးကို အစာလာကျွေးတာ ''
ကျွန်တော်စကားကြောင့် ခွေးရူးဟာ မျက်လုံးပြူးသွားကာ , ကျွန်တော်လဲ ခွေးရူးအစစ်ကို မတွေ့မယ့်အဆုံး  လူစင်စစ်ခွေးရူးကိုသာ  ကျွေးလိုက်တော့မည် ၊ မမကြွယ် မေးလဲ  ခွေးရူးကိုကျွေးလိုက်ပြီလို့ ဖြေရုံပဲ ၊ လူခွေးရူးလား ၊ ခွေး ခွေးရူးလား သူသိတာမှ မဟုတ်တာ ။
'' တကယ်လား ,''
'' အဟုတ်ပါ ခွေးရူးကို အစာလာကျွေးတာပါ ''
'' အဲ့ဒါဆို ပေးလေ,ငါလဲ ဗိုက်ဆာနေတာနဲ့ အဟန်သင့်တယ်ကွ ''
ကျွန်တော်လဲလက်ထဲက အထုတ်ကို ကမ်းပေးလိုက်သည် ။
'' ဟာ ,စေသနာရှိလှပါလား , ဆန်ကလဲ အကောင်းစား ၊ ကြက်သားနဲ့ , ကျေးဇူးပဲကွာ , ကျေးဇူး ''
'' ဒီလိုပါပဲ , မြို ဆို့ကံကြုံရင် လူစင်စစ်ကနေ ခွေးရူးဖြစ်ပေးရတယ်လေ ''
'' ဘာာာ ကွ ''
'' စားပါလို့ , ဘာပြောဝူး , အကိုစားနေတာ  ခြောက်လလောက်အစာငတ်ခံထားတဲ့ ဘီလူးတစ်ကောင် လူစည်ကားတဲ့ ပွဲလမ်းသဘင်ထဲရောက်နေသလိုပဲနော် ., အားရတယ်,များများမြို , ''
'' ဘာာ ပြောတယ် ''
'' ကြက်သားက နူးတော့ ဝါးစရာမလိုဘူး ၊ မြို ချလိုက်လဲ ရပါတယ်လို့ ပြောတာပါ ''
'' အေး , ဒါနဲ့ မင်းကို ဒီရပ်ကွက်မှာ တခါမှ ငါ မတွေ့ဖူးဘူး ,''
'' ကျွန်တော်လဲ ဒီရပ်ကွက်မှာမနေပါဘူး ၊
ဟိုဘက်ရပ်ကွက်လေ ၊ တစ်လမ်းဝင် တစ်လမ်းထွက် ခွေးရူးကို လိုက်ရှာရင်း အခုလို အကိုဆီရောက်လာရပေါ့ဗျာ ''
'' မင်းကလဲ ငါနာမည်ကိုတော့သိပြီး ,ငါနေတဲ့ အိမ်ကျတော့မသိဘူးလားကွ ၊ ဘယ်သူမဆို  ခွေးရူးကိုသိသလို ၊ ခွေးရူးနေတဲ့ အိမ်ကိုလဲ သိတယ်ကွ ''
''ာ ဟာဗျာ , ကျွန်တော်ရှာနေတာက ခွေးအစစ် ခွေးရူးဗျာ , လူခွေရူးမဟုတ်ဘူး , နောက်ဆုံးရှာမရတော့လဲ လူစင်စစ်ခွေးရူးကိုပဲ အခုလို ကျွေးနေတာပေါ့ဗျာ , ''
ကျွန်တော်စကားအဆုံး၌ ခွေးရူးဟာ ထမင်းစားနေရင်းတန်းလန်းနဲ့ ပါးစပ်ထဲက ထမင်းလုံးရေပန်းများ ပန်းထွက်လေတော့သည် ။
'' ထွီးးးးးးးးးးး , မင်းက ငါ့ကို ခွေးရူးလိုသဘောထားပြီး ကျွေးတာပေါ့ဟုတ်လားး''
'' ဟုတ်တယ်လေ , ခင်ဗျားက ခွေးရူးဆို နာမည်ခြင်းတော့အတူတူပါပဲ, အဲ့ဒါ ဘာဖြစ်လဲ , အခုစားလို့ဝပြီးမလား , ကျွန်တော်လဲ ပြန်ပြီ ''
'' နေအုန်း ., မင်းက ငါ့ကို ခွေးရူး ၊ ငါက ခွေးရူး ၊ ခွေးရူးက ခွေးရူး ၊ ဟုတ်လား ''
'' ခွေရူးတွေ တော်တော်များနေပြီဗျာ ၊ ''
'' အေး , ငါက စိတ်တိုတယ် ၊ လက်သီးပြင်းတယ် ၊ မင်း သေပေရော့ ''
'' နေအုန်း ခဏ ခဏ , စောစောကပြောတော့ စေသနာကောင်းတယ်ဆို ကျေးဇူးတင်ပါဆို ,အဲ့လို  အမျိုးမျိုးလုပ်ရဘူးနော် ''
'' မင်းက စေသနာကောင်းတယ် ၊ ငါကလဲ လက်သီးကောင်းတယ် သေစမ်းရော့ကွာ ''
'' အ မ ညှောင့် , သေပါပြီ , ''
ဒုတိယအကြိမ်ဖွန်ကြောင်ခြင်းမှာတော့ ခုနှစ်ရက်တိတိ သတိပြန်မလည်တော့ပေ ။
တော်ပြီ ၊ ဒီနေ့ကစလို့ . . . ကျွန်တော်သည် ဘယ်မိန်းကလေးကိုမှ ဖွန်မကြောင်တော့ပါ ၊ ဒူးရင်းသီးလဲ ထမ်းဖူးပြီးသွားပြီ ၊ ခွေးရူးလက်သီးကိုလည်း မြည်းစမ်းဖူးသွားပြီ ၊ ဤကဲ့သို ကတိပြုပါသည် ။
ဟူးးးးးး ,နွေရာသီဆိုတော့ အလွန်ပူအိုက်သော ရာသီလဲဖြစ်တော့ အချိန်ပြည့်ဆိုသလို အိမ်ရှေ့ခြံဝန်းထဲမှာ ဖျာလေးတချပ်ခင်း၍ နေတတ်သည် ၊ ဒီချိန်ခါမှာပဲ … … … ကျွန်တော်ရင်ဘတ်ပေါ်သို့ , ခဲလုံးတစ်လုံး ကျလာခဲ့သည် ၊ ရုတ်တရက် လန့်သွားပေမယ့် ပြီးမှ  ဘယ်ကလေကချေလဲဟု ဒေါသထွက်ကာ အော်မယ်ကြံသေး ,
'' အကိုရေ , sorryနော် , မာကလာသီးကို ခဲလုံးနဲ့လှမ်းပေါက်ရင်း အကိုဆီခဲလုံးလွင့်ရောက်လာတာပါ , တောင်းပန်ပါတယ် ''
'' အေးပါ,ရပါတယ် ,''
ကျွန်တော်လဲခပ်တည်တည်နှင့် ပြော၍ ခပ်တည်တည်ဖြင့် အိမ်ထဲသို့ ဝင်ခဲ့လေသည် ၊ အပြင်မှာ အေးမလားလို့ အိပ်မိပါတယ် ၊ ခဲလုံးက ရင်ဝပေါ်တည့်တည့်မှကျရတယ်လို့ ငါကံကိုက ထောင့်မကျိုးပါဘူးး ။
နောက်တစ်နေ့မနက်မှာတော့ လမ်းထွက်လျှောက်ရင်း မနေ့ကခဲလုံးလေးနဲ့လမ်းမှာ တွေ့လေတော့သည် ။
'' အကို,ခဏ ခဏ ''
'' ဘာလဲ , ဒူးရင်းသီးထမ်းခိုင်းမလို့လား , ဒါမှမဟုတ် ခွေရူးကိုအစာကျွေးခိုင်းမလို့လား , မအားဘူး , အားနေတယ်ထင်နေလား , မကူညီဘူးကွာ , မကူညီဘူး, ဘာမှလာမပြောနဲ့ နားငြီးတယ်ကွ , နားမထောင်ချင်ဘူး , ''
'' အကို , အကို့ကို  ညီမ ဘာမှမပြောရသေးဘူး ၊ ခဏ ဆိုပြီးပဲပြောရသေးတယ် ၊ တကယ်တမ်း စကားတွေပြောနေတာက အကိုပဲပြောနေတာ ''
'' ကြိုတင်ပြောထားတာ ၊ ကူညီခိုင်းမှာစိုးလို့ , ''
'' ဘာမှကူညီစရာ မလိုပါဘူး ၊ ညီမက ဒီရပ်ကွက်ကို ပြောင်းလာတာမကြာသေးဘူးလေ, အဲ့တော့ ဒီကအကို့ကို ခင်မင်ချင်လို့ပါ ,အကယ်၍ အကိုက မာနကြီးရင်တော့ မခင်ပါနဲ့ ၊ ညီမ စိတ်မဆိုးပါဘူး ''
'' အဲ့ဒါပြောမလို့လား  သြော် မသိပါဘူး ,
ဟူးးးး ဇောချွေးပါပြန်တယ် ,ရတယ်လေ  ခင်တာဘာမှထိခိုက်တာမှ မဟုတ်တာ ''
'' အင်းး,အဲ့ဒါဆို သူငယ်ချင်းဖြစ်ပြီနော် ညီမနာမည်က ဝတ်စံ ပါ ၊ အကိုနာမည်ရော ''
'' လူချစ် ''
'' ဟုတ် , ''
ဤသို့ ဤသို့ဖြင့် ခဲလုံး(ခေါ် )ဝတ်စံနှင့် ကျွန်တော်သည် ခင်မင်လာကြကာ သံယောဇဉ်အမျှင်ပေါင်းများစွာဖြင့် တစ်ဦးကို တစ်ဦးကို ချည်တည်းခြင်းခံရလေတော့၏ ၊ ချစ်တော့ ချစ်ချင်စရာလေးပေါ့ ၊ ဒါပေမယ့် ဒူးရင်းသီးထမ်းရမှာစိုး ၊ ကြောက်မိတယ်  ၊ အကြင်နာတော့ အကြင်နာပေါ့ ၊ ဒါပေမယ့် ခွေးရူးရဲ့လက်သီးမြည်းခိုင်းတဲ့ စေသနာတော့ ကြောက်မိပါ၏ ၊
တပည့်တော် ဒီမနက်, ခဲလုံး(ခေါ်)ဝတ်စံကို ချစ်ရေးဆိုမလို့ပါ ၊ ဘုရားအရှင် စောင့်ရှောက်တော်မူပါ၊
ရေမိုးချိုးကာ  မွှေးနံ့သာတင်၍ ခပ်လန်းလန်းလေးဖြစ်နေတဲ့ ရင်ထဲကအသဲနှလုံးကို ပိုလန်းဆန်းသွားအောင် ရေမွှေးဖျန်းပေးလိုက်တယ် ၊  ကျွန်တော်နှင့်ခဲလုံး တွေ့နေကျ   ရေစိမ်းကန်ရဲ့နဘေး၌  စောင့်နေလျှက် . . . . သိပ်မကြာခင်မှာပဲ , , , ခဲလုံးဟာ ခပ်နှေးနှေးခြေလှမ်းတစ်စုံဖြင့် တလှမ်းခြင်းကို တစ်ထွာသာသာရွေ့ကာ လှမ်းလာနေပါ၏ ၊ ကျွန်တော်ရင်ထဲတော့ ရင်လေးနေမိ၏ ။
'' ခဲလုံး,ဘာဖြစ်လို့လဲ , မျက်နှာလဲမကောင်းဘူးနော် ''
'' အကို,  ညီမကို အိမ်က အိမ်ထောင်ချပေးတော့မလို့တဲ့ , ''
'' ယင် , ဘာာ ဘာာ ဘ ဘာ , အိမ်ထောင်ချပေးမလို့ ဟုတ်လား ''
'' ဟုတ်တယ် အကို ''
'' ခဲလုံးကကော  ဘယ်လိုသဘောလဲ''
'' ညီမ,က  ညီမနှစ်သက်တဲ့သူနဲ့ပဲ ထာဝရလက်တွဲချင်တာလေ ၊ ဖေဖေ မေမေတို့ သဘောတူထားတဲ့သူနဲ့တော့ ထာဝရလက်မတွဲနိုင်ဘူး ''
'' သြော် , ကြားရတာ အားတောင်ပျက်သွားတယ် ''
'' ဟုတ်တယ် အကို ,
ညီမကတော့ ညီမချစ်တဲ့သူနဲ့ပဲ လက်တွဲချင်တာ , ဒါပေမယ့် . . . ညီမစိတ်ညစ်တယ် အကိုရယ် ဘာလုပ်လို့လုပ်ရမှန်းတောင် မသိတော့ဘူး ''
'' လွယ်ပါတယ် ''
'' ဘယ်လိုလွယ်တာလဲ အကို ''
'' လွယ်ပါတယ် အကိုနဲ့ခဲလုံး ချစ်လိုက်ကြမည်ဆိုရင်ကော ''
ကျွန်တော်စကားကြောင့် ခဲလုံးဟာ ချက်ခြင်းဆိုသလို ရှက်သွေးဖြာကာ ခြေဖျား လက်ဖျားအေးစက်တုန်ရီနေပါတော့သည် ။
'' အကို တကယ်ပြောတာပါ ၊ရင်ခုန်လို့ချစ်တာမဟုတ်ပါဘူး ၊ အသဲတုန်ပြီး ထာဝရချစ်တာပါ , ခဲလုံးက  လမင်းဆိုရင် ကိုယ်ကို လမင်းဘေးနားက ကြယ်တစ်ပွင့်ဖြစ်ချင်တယ် , ''
'' ဟာာ , အကိုနော် ''
'' နော် မလုပ်ပါနဲ့ ၊ ခဲလုံးက ကိုယ့်အပေါ် မေတ္တာမရှိလို့လား ''
'' မဟုတ်ပါဘူးး ''
'' အချိန်ဆွဲလို့မကောင်းဘူးနော် , တော်ကြာ ခဲလုံးရဲ့အိမ်က လူကြီးတွေက ချက်ခြင်းကြီးအိမ်ထောင်ချပေးလိုက်ရင် ခဲလုံးလဲ ကြေကွဲမယ် ၊ ကိုယ်လဲရင်ကွဲမှာလေ ''
'' သူများကို အခွင့်ကောင်းယူပြီး
အနိုင်ကျင့်တယ်ပေါ့လေ , ဟွန့် ''
'' မချစ်ဘူးလား ပြော ''
'' အင်း ''
'' ဘာ  အင်းး လဲ ''
'' အချစ်အင်းလေ ကိုကို ''
ကျွန်တော်ရင်ခွင်ထဲသို့ ခဲလုံးလေးတိုးဝင်လာလျှက် ကျွန်တော်ကလဲ အလိုက်သင့်ထွေးပွေ့ဖက်ထားရင်း, .
'' ကိုကို , အကယ်၍ ညီမအိမ်က ကိုကိုပြောသလို ဒီရက်ပိုင်းအတွင်း ချက်ခြင်းကြီး အိမ်ထောင်ချပေးလိုက်ရင် ဘယ်လိုလုပ်မလဲ ကိုကို ''
'' လွယ်ပါတယ် ''
'' ဘယ်လိုထပ်ပြီးလွယ်တာလဲ ကိုကို ''
'' အခု တခါထဲ ကိုကိုအိမ်လိုက်ခဲ့ပေါ့ , နက်ဖြန်နံနက် တရားရုံးမှာ လတ်မှတ်ထိုးကြမယ်လေ ၊ မပူပါနဲ့ အချစ်ရယ် , လွယ်ပါသည် ချစ်လိုက်မည်ပေါ့လို့ ''
'' ကိုကိုနော် ဟင့် ''
နှစ်ဦးသား ကြည်နူးသောကောင်းကင်ကြီးကို ကြည့်ရင်းဖြင့်  အကြင်နာလေးများစွာဟာ တဖြည်းဖြည်းတိုးသထက် တိုးလာပါတော့လေသတည်း  ။
                     [ ပြီး ]

ညမင်းကြယ်တံခွန်

No comments:

Post a Comment